ကယ်လီဖိုးနီးယားတောမီးတွင် သေဆုံးသူ ၁၃ ဦးရှိလာ

ကယ်လီဖိုးနီးယားတောမီးတွင် သေဆုံးသူ ၁၃ ဦးရှိလာ

 

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၁၁ ။           ။ မြောက်ပိုင်းကယ်လီဖိုးနီးယားတွင် မြေဟတ်တာပေါင်း ၄၆၅၀၀ ကျော်တွင် လောင်ကျွမ်းနေသော တောမီးအတွင်း သေဆုံးသူဦးရေသည် အနည်းဆုံး ၁၃ ဦးရှိသွားပြီဖြစ်ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၁၀ ရက်တွင် ပြောသည်။

နိုင်ငံ၏ ကမ္ဘာ့ဝိုင်အများဆုံး ထုတ်လုပ်ရာ အရပ်တွင် လောင်ကျွမ်းနေသော အဆိုပါ တောမီးသည် ဆိုနိုမာ၊ နာပါနှင့် ယူဘာစီရင်စုများတွင် လောင်ကျွမ်းခြင်း ဖြစ်နေခြင်းဖြစ်ပြီး ကယ်လီဖိုးနီးယား သစ်တောနှင့် မီးဘေးကာကွယ်ရေးဌာနက နောက်ဆုံးသတင်းအဖြစ် ထုတ်ပြန်ပေးခြင်း ဖြစ်သည်။

ဆန်တာရိုဆာမြို့တွင် ဟိုတယ်နှင့် ပန်းခြံတစ်ခုအပါအဝင် မီးလောင်ကျွမ်းသည့် နေရာအဆောက်အအုံပေါင်း ၁၅၀၀ ရှိသည်။ မီးက နေရာ ၁၇ နေရာတွင် လောင်ကျွမ်းခြင်းဖြစ်ကာ   မြောက်ပိုင်းကယ်လီဖိုးနီးယား စီရင်စု ကိုးခုတွင် ကူးစက်လောင်ကျွမ်းနေသည်။

ဘေးလွတ်ရာရွှေ့ပြောင်းရသူပေါင်း နှစ်သောင်းထက်မနည်းရှိနေစဉ် ဓာတ်ငွေ့နှင့် လျှပ်စစ်မီး ပြတ်တောက်နေသည့် ပြည်သူပေါင်းက ၁၀၃၀၀၀ ဦးကျော် ရှိကြောင်း အာဏာပိုင်များက ဆိုသည်။ အောက်တိုဘာ ၉ ရက်တွင် တောမီးကြောင့်  ပိတ်ခဲ့ရသည့် ကျောင်းပေါင်း ဒါဇင်ဝက်ကျော် ရှိသည်။

ပျောက်ဆုံးနေသူ ၁၅၀ နီးပါး ရှိသည်ဟု ကြားထားကြောင်း ဆိုနိုမာစီရင်စု အရာရှိရုံးက အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်သည်။

“လူအများစု ဘေးကင်းလုံခြုံစွာ ပြန်တွေ့မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒါပေမယ့် နောက်ထပ်အပျက်အစီး ဆုံးရှုံးမှုတွေအတွက်တော့ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားပါတယ်။”ဟု အဆိုပါ ရုံး ဖေ့ဘုတ်စာမျက်နှာက ရေးသားထားသည်။

အပူချိန်ကျဆင်းပြီး လေတိုက်နှုန်း နည်းပါးသွားခြင်းတို့ကြောင့် မီးသတ်သမားများအတွက် မီးငြှိမ်းသတ်နိုင်ရေး အရေးသာမှု ရှိလာကြောင်း အရေးပေါ်အဖွဲ့များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required