အောက်တိုဘာ ၆၊ ရန်ကုန်။ ။ အောက်တိုဘာ ၅ရက်က ကစားခဲ့သော မြန်မာ့လက်ရွေးစင်အသင်းနှင့်ထိုင်းလက်ရွေးစင်အသင်းတို့ ခြေစမ်းပွဲတွင် မြန်မာအသင်းက ၃ - ၁ ဂိုးဖြင့်ရှုံးခဲ့သော်လည်း အောင်သူ၏ချေပဂိုးက ထိုင်းကို ၅နှစ်ကြာဂိုးမသွင်းနိုင်သည့် လက်ရွေးစင်အသင်းစံချိန်ဆိုးကို ချိုးဖျက်နိုင်ခဲ့သည်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ လက်ရွေးစင်အဆင့်ပြိုင်ပွဲများတွင်ထိုင်းအသင်းကို ဂိုးသွင်းယူနိုင်ခြင်းမရှိသည်မှာ ၂၀၁၂ခုနှစ်ကတည်းကဖြစ်ပြီး ၂၀၀၇ခုနှစ်မှစပြီး လက်ရှိအချိန်အထိ နိုင်ပွဲရခြင်းလည်း မရှိတော့ပေ။
၂၀၁၁ ဇူလိုင်လ ၁၅ရက်က ကစားခဲ့သော ခြေစမ်းပွဲတွင် ထိုင်းအသင်းနှင့်တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် ထိုင်းအသင်းဘက်ကို ဂိုးသွင်းယူနိုင်ခြင်း မရှိသည်မှာလည်း ငါးနှစ်ကျော်ခဲ့ပြီဖြစ်သည်။
အောက်တိုဘာ ၅ ရက်က ကစားခဲ့သောခြေစမ်းပွဲတွင် မြန်မာအသင်းမှာ ထိုင်းအသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားနိုင်ခဲ့သော်လည်း တစ်ဦးချင်းကျွမ်းကျင်မှုနှင့် အဆုံးသတ်အားနည်းချက်များကြောင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
တိုက်စစ်မှူးအောင်သူမှာ ယင်းပွဲစဉ်တွင် ထိုင်းအသင်းဘက်ကို ချေပဂိုးသွင်းယူပေးနိုင်ခဲ့သော်လည်း ပွဲချိန် မိနစ် ၈၀ ကျော်တွင် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။