ရန်ကုန်၊အောက်တိုဘာ၄ ။ ။ ပထမဆုံးတစ်ကိုယ်တော်အခွေကို ပရိုမိုးရှင်းအကြီးအကျယ်လုပ်ချင်သော်လည်း ပရိသတ်လုံခြုံရေးအတွက် လုပ်သင့်၊ မလုပ်သင့် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း တေးသံရှင် နိုင်းဝမ်းက ဆိုသည်။
"အခုဆို အမေရိကလို တကယ့်လုံခြုံရေးတင်းကြပ်ထားတဲ့ နိုင်ငံမျိုးတွေမှာတောင် စတိတ်ရှိုးတွေမှ သေနတ်နဲ့ ဝင်ပစ်တယ်ဆိုတာမျိုးတွေဖြစ်နေတဲ့အခါကျတော့ မြန်မာပြည်မှအကုန်လုံးကလူမျိုးရေး၊ ဘာသာရေး အကြောင်းကြောင်းကြောင့်ပေါ့ဗျာ ။ အကုန်လုံးက နေ နေရတာ စိတ်မချမ်းမြေ့ရဘူးပေါ့ဗျာ။ အဲဒီလိုဖြစ်နေရတဲ့အချိန်မှာ ကိုယ့်ပရိုမိုးရှင်းလုပ်တော့မှ တစ်ခုခုဖြစ်သွားတာမျိုး ကျွန်တော်မဖြစ်စေချင်ဘူး"ဟု အဆိုတော်နိုင်းဝမ်းက ပြောသည်။
ထို့အတွက် ယခုနှစ်၂၀၁၇နှစ်ကုန်အထိ ပရိုမိုးရှင်းအကြီးအကျယ်လုပ်ရန် အဆင်ပြေ၊ မပြေ စောင့်ကြည့်မည်ဖြစ်ပြီး အဆင်မပြေပါက ပရိုမိုးရှင်းမပြုလုပ်ဘဲ သူ့ရဲ့ပထမဦးဆုံးတစ်ကိုယ်တော်အခွေကို ထုတ်မည်ဟုဆိုသည်။
အခွေနာမည်မှာ "တစ်ကိုယ်တော်"ဖြစ်ပြီး အိမ့်ချစ်၊ ဂေဂေးနှင့် အခြားသောအဆိုတော်များပါဝင်မည်ဖြစ်ပြီး အဆိုပါ တစ်ကိုယ်တော်အခွေအတွက် စိတ်ကြိုက်ဖြစ်သည်အထိ နှစ်နှစ်နီးပါး အချိန်ယူပြင်ဆင်ထားခြင်း ဖြစ်သည်။
"၂၀၁၆၊ ၁၇ ဒီနှစ်နှစ်မှာ ကျွန်တော်လုပ်ထားတာတွေပဲပါတော့မှာပေါ့နော်"ဟု နိုင်းဝမ်းက ဆိုသည်။
ပထမဦးဆုံးတစ်ကိုယ်တော်သီချင်းခွေအတွက် သီချင်း ၁၄ ပုဒ်ခန့် စီစဉ်ထားပြီး အခွေထုတ်ဖြစ်ပါက ၉ ပုဒ်သာ ထည့်သွင်းသွားမည်ဖြစ်သည်။
"တစ်ကိုယ်တော်"သီချင်းခွေကို မူလက၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ထွက်ရှိရန် စီစဉ်ထားရာမှ ၂၀၁၇ စက်တင်ဘာသို့ ပြောင်းရွှေ့ခဲ့သည်။
သို့သော် အဆိုပါ တကိုယ်တော်အခွေ မထွက်ဖြစ်ခဲ့၍ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီနောက်ဆုံးထား၍ ထွက်ရှိရန် လည်း စီစဉ်ထားသည်။