ရေးသားသူ Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.
မိခင်လောင်းတစ်ယောက်အတွက် လိုအပ်တဲ့ အကြံဉာဏ်နဲ့ ထုတ်ပိုးရမယ့် ပစ္စည်းစာရင်းတွေ ရှိနေပြီးသားဖြစ်ပေမယ့် ဖခင်လောင်းတစ်ယောက်ရဲ့ တည်ရှိမှုဟာ အလွန်အရေးပါပေမယ့် ဘာတွေလိုအပ်မှန်း မသိကြပါဘူး။
ဒါ့ကြောင့် ဖခင်အလောင်းအလျာတွေအတွက် သူ့ရဲ့ လက်တွဲဖော် မွေးခန်းဝင်ရင် ဆေးရုံကို ဘာတွေယူသွားသင့်လဲ ဆိုတာ ဒီမှာ ကြည့်ကြတာပေါ့။ ဒါတွေက တော်တော် အခြေခံကျပြီး သတိပြုမိကောင်းပါတယ်။ အရေးကြီးတဲ့ အချိန်ကျ အဆင်သင့် ထုတ်ပိုးပြီးသား ဖြစ်တာပေါ့။
ခေါင်းအုံး
ဆေးရုံ ရက်အတော်ကြာနေဖို့ လိုမှာဖြစ်တဲ့အတွက် ဆိုဖာ၊ ထိုင်ခုံ၊ ပုံစံမကျတဲ့ ခေါင်းအုံးတွေပေါ်မှာ မသက်မသာ အိပ်မယ့်အစား ကိုယ့်ခေါင်းအုံး ကိုယ်ယူလာတာက နေရာအသစ်မှာ အိပ်ဖို့ ပိုပြီးအဆင်ပြေပြေ အိပ်ပျော်ဖို့ ကူညီပေးပါလိမ့်မယ်။
အဝတ်အစား
သင့်အမျိုးသမီး မီးဖွားတဲ့ကိစ္စက ရက်နည်းနည်းကြာမှာပါ။ ဒါကြောင့် သင်က ဆေးရုံနဲ့ ဝေးတဲ့နေရာမှာ နေရင် အဝတ်လဲဖို့ သက်တောင့်သက်သာဖြစ်မယ့် အဝတ်အစားတွေ ပြင်ဆင်လာတာ အကောင်းဆုံးပါ။ ရာသီဥတုနဲ့လိုက်ပြီး ပြင်ဆင်ဖို့ လိုအပ်ပါတယ်။
အဝတ်အစားတွေနဲ့ တွဲဝတ်မယ့် အသုံးအဆောင်တွေလည်း လိုအပ်ပါတယ်။ အဝတ်အစားတွေက နွေးထွေးပြီး လဲလှယ်ရ လွယ်ကူသင့်ပါတယ်။ သင့်လက်တွဲဖော်ကို မထားခဲ့ချင်ဘူးဆို နောက်တစ်ရက်အတွက်ပါ ယူလာပါ။ မမျှော်လင့်ဘဲ ဖြစ်လာနိုင်တဲ့ ကိစ္စတွေ အတွက်ပါ စဉ်းစားတာ ကောင်းပါတယ်။ အဲ့တာအပြင် သင်က နောက်ပိတ်ဖိနပ်ကို မစီးချင်ဘူးဆိုရင်တော့ ခြေညှပ်ဖိနပ်ပါ ယူလာပါ။
သင်နဲ့ သင့်လက်တွဲဖော်အတွက် ဆေးဝါးများ
အိမ်ကနေ ရက်အတော်ကြာခွဲနေရပြီဒ ဘယ်အချိန် အတိအကျ ဆေးရုံက ဆင်းရမယ်ဆိုတာ မသိတာကြောင့် သင့် လက်တွဲဖော်အတွက် အကိုက်အခဲပျောက်ဆေး၊ အစာအိမ်ဆေး နဲ့ တခြားဆေးဝါးတွေကို ယူလာတာ ဘယ်တော့မှ မပိုပါဘူး။ ဆေးရုံမှာ ဆေးဝယ်တာ ပိုက်ဆံ ပိုကုန်နိုင်တာကြောင့် ပြင်ဆင်ထားပါ။
တစ်ကိုယ်ရည် သန့်စင်မှု ပစ္စည်းများ
အဝတ်အစားတွေနဲ့အတူ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဂျုပ်၊ အနံ့ပျောက်ဆေး၊ စတဲ့ အခြေခံပစ္စည်းတွေကို မမေ့ပဲ ယူလာပါ။ ဒါက အပျော်ခရီးထွက်သလို မဟုတ်ပေမယ့် အဲ့လို ခံစားရတတ်ပါတယ်။ ဒါကြောင့် ဒီတစ်ကိုယ်ရည်သုံးပစ္စည်းတွေကို ထည့်ယူလာဖို့ သတိထားပါ။ စောင့်နေတဲ့ရက်တွေမှာလဲ သန့်ရှင်း လတ်ဆတ်အောင် ထိန်းသိမ်းပါ။
နည်းပညာသုံးပစ္စည်းနဲ့ အားသွင်းကြိုးများ
မီးဖွားတာကို စောင့်နေတဲ့ အချိန်တွေမှာ အလုပ်အတွက်ပဲ ဖြစ်ဖြစ် ဖျော်ဖြေရေးအတွက်ပဲ ဖြစ်ဖြစ် သင့်စက်ပစ္စည်းတွေနဲ့ အားသွင်းကြိုးတွေကို လိုအပ်ပါလိမ့်မယ်။ ဒီအတွေ့အကြုံတစ်ခုလုံးရဲ့ အမှတ်တရတွေဟာ ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ ဆို ပိုကောင်းသွားမှာပါ။
တကယ်လို့ သင်က ဒီထူးခြားတဲ့ နေ့ရက်တွေအတွက် အရည်အသွေးကောင်းတဲ့ ပုံတွေ ရယူချင်လို့ စမတ်ဖုန်း မသုံးချင်ဘူးဆိုရင် ကင်မရာယူလာပါ။
သရေစာများ
ဆေးရုံတွေဆိုတာ သင့်တင့်တဲ့ဈေးနဲ့ အစားအသောက်တွေကြောင့် လူသိများတာ မဟုတ်ပါဘူး။ စောင့်ဆိုင်းနေတဲ့အချိန်မှာ လန်းဆန်းတက်ကြွနေဖို့ သရေစာနဲ့ သောက်စရာ အနည်းငယ်ကို သင်နဲ့အတူ ဆောင်ထားပါ။ ဒါမှ ဆေးရုံထဲ ပတ်ပြီး ဈေးကြီးတဲ့ အစားအသောက်တွေ ဝယ်ဖို့ မလိုမှာပါ။
မီးဖွားတဲ့ဖြစ်စဉ်ဟာ ခက်ခဲပေမယ့် မိခင်ရော ကလေးအတွက်ပါ အမှတ်တရ ဖြစ်ရပ်တစ်ခုပါ။ ဒါ့ကြောင့် ဖခင်ရဲ့ အားပေးဖေးမတဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးတာပါ။ ပစ္စည်းတွေမေ့မကျန်ဖို့နဲ့ စာရင်းလုပ်ပြီး သေချာ ထုတ်ပိုးရပါမယ်။
အိမ်တစ်အိမ်လုံး မယူလာနဲ့ပေါ့။ ယူလာမယ့် ပစ္စည်းအားလုံးဟာ သက်တောင့်သက်သာ ဖြစ်စေဖို့နဲ့ ဘဝအသစ်ဖြစ်တည်လာတဲ့ သင့်ရင်သွေးလေးကို အကောင်းဆုံး ကြိုဆိုဖို့ အတွက် ရည်ရွယ်ရပါမယ်။