ကမ္ဘာ့အချမ်းသာဆုံးသော အမျိုးသမီးကြီး အသက် ၉၄ နှစ်အရွယ်တွင် ကွယ်လွန်

By AFP
22 September 2017
ကမ္ဘာ့အချမ်းသာဆုံးသော အမျိုးသမီးကြီး အသက် ၉၄ နှစ်အရွယ်တွင် ကွယ်လွန်

 

စက်တင်ဘာ ၂၂ ။            ။ ကမ္ဘာ့အချမ်းသာဆုံးသော အမျိုးသမီးအဖြစ် သတ်မှတ်ခံထားရသည့် L'Oreal  အမွေခံ လီလီယန် ဘက်တန်ကော့တ်သည်  ယခုအခါ အသက် ၉၄ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သူမ၏ မိသားစုက စက်တင်ဘာ ၂၁ ရက်က တရားဝင် ထုတ်ပြန်ပြောကြားခဲ့သည်။

" ကျွန်မရဲ့ အမေ မနေ့ညက အိမ်မှာပဲ အေးအေးချမ်းချမ်း ကွယ်လွန်သွားခဲ့ပါတယ်" ဆိုပြီး ၎င်း၏ သမီးဖြစ်သူ ဖရန်ဆွာ ဘက်တန်ကော့တ် မေယာစ်က ပြောသည်။

ပြင်သစ် ကော်စမတ်တစ်ကုမ္ပဏီ L'Oreal ကုမ္ပဏီတည်ထောင်သူ Eugene Schueller ၏ သမီးလည်း ဖြစ်သည့် ဘက်တန်ကော့တ်သည် ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီး သူဌေးမကြီး ဖြစ်ပြီး အသားတင်ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၃၉ ဒသမ ၅ ဘီလီယံ ရှိကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြထားသည်။

ဘက်တန်ကော့တ်သည် သူမ အသက် ၁၅ နှစ်အရွယ်မှာပင် ဖခင်ဖြစ်သူ ထူထောင်ထားသည့် ကုမ္ပဏီတွင် အလုပ်သင်အဖြစ် ပူးပေါင်းခဲ့ပြီး ယင်းနောက် ကမ္ဘာကျော် အလှကုန်လုပ်ငန်းကြီးကို တက်ကြွစွာ ဦးဆောင်မောင်းနှင်ခဲ့သူလည်းဖြစ်သည်။

သူမသည် ပြီးခဲ့သည့် ၂၀၁၂ က L'Oreal ဘုတ်အဖွဲ့မှ ထွက်ခွာခဲ့ပြီးကတည်းက လူမြင်ကွင်းရှေ့ သိပ်မထွက်တော့ဘဲ သူမသည် အယ်လ်ဇိုင်းမားဝေဒနာ စွဲကပ်နေသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်ထားခဲ့သည်။

ယခုလက်ရှိအချိန်တွင် ဘက်တန်ကော့တ် မိသားစုက L'Oreal Group ၏ ရှယ်ယာ ၃၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်ဟုလည်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required