အောင်လံ စက်တင်ဘာ ၆ ။ ။ ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ဖြင့် အမှုဖွင့် ခံထားရသည့် မဇ္ဈိမသတင်းထောက် ဒေါင်းလူနှင့် DVB သတင်းထောက် ဘဦးတို့ ၂ ဦးတို့ကို ပထမအကြိမ် ရုံး ထုတ်ခဲ့ပြီး အာမခံရရှိကြောင်း သိရသည်။
၎င်းတို့နှစ်ဦး ယနေ့ စက်တင်ဘာ ၆ ရက်နေ့က မကွေးတိုင်း၊ အောင်လံမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီးနောက် နိင်ငံတော် သမ္မတကြီး လက်မှတ်ထိုးထုတ်ပြန်ခဲ့သည့် ဆက်သွယ်ရေး ဥပဒေအသစ် ကျင့်ထုံးဥပဒေပုဒ်မ (၁၆၉)အရ တရားရုံးမှ အာမခံပေးခဲ့ခြင်းဖြစ်သည်။
“ဒီအမှု တိုင်တန်းတာက ၂၀၁၆ ခုနှစ် ၊ ဒီဇင်ဘာ ၉ ရက်နေ့ကတည်းက ဆိုတော့ ၁ နှစ်နီးပါးကြာမှ တရားစွဲခံရတာ၊ ၃၁ ရက်နေ့က အောင်လံမြို့နယ် ရဲစခန်းမှာ ကျွန်တော်တို့ သတင်းထောက် ၂ ဦးက သွားအဖမ်းခံခဲ့တာ၊ ကျွန်တော်က မီဒီယာ ကျင့်ဝတ်နဲ့အညီ သတင်းလုပ်ခဲ့တယ်၊ သတင်းစာရှင်းလင်းပွဲ သတင်းကို သတင်းထောက်က သတင်းလုပ်တာနဲ့ ဒီလို တရားစွဲခံရတယ်ဆိုတာ မီဒီယာလွတ် လပ်ခွင့်ကို ထိခိုက်တယ် လို့မြင်တယ်" ဟု ဒေါင်းလူက ပြောသည်။
အောင်လံမြို့နယ်၊ ငလောက်ကျေးရွာ အလယ်တန်းကျောင်းနှင့် ပတ်သက်ပြီး ၂၀၁၆ခုနှစ် နိုဝင်ဘာလအတွင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် သတင်းနှင့် ပတ်သက်၍ အဆိုပါ သတင်း ထောက် ၂ဦးအား ငလောက်ကျေးရွာ အလယ်တန်းကျောင်းအုပ်က တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။
ငလောက် ကျေးရွာအလယ်တန်းကျောင်း နှင့် ပတ်သက်ပြီး "ပြင်ပမှ လက်ထောက် ဆရာမ ငှားသင်ကြားပြီး ငွေကောက်ခံ သော ကြောင့် တချို့မိဘများက ၁၀၀ကို ၂၀ တိုးနှင့် ငွေတိုးချေးပြီး ကျောင်းထား နေရသည် " ဟု အောင်လံဒေသခံ တချို့က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
အဆိုပါ သတင်းကို ဒေါင်းလူ(ခ) နိုင်ကျော်စွာမျိုးက ရေးသားရိုက်ကူးခဲ့ပြီး မဇ္ဈိမသတင်းဌာနတွင် ဖော်ပြခဲ့သည်။ အဆိုပါသတင်းကို ဒေါင်းလူ(ခ) နိုင်ကျော်စွာမျိုးက သူ၏ လူမှုကွန်ယက် စာမျက်နှာမှတဆင့် “ငွေတိုးချေးပြီး ကျောင်းထားနေရတယ်တဲ့ “ဟု ထပ်ဆင့်ရေးသားကာ ပြန်လည်မျှေ၀ ခဲ့ခြင်းကြောင့် ဂုဏ်သိက္ခာထိခိုက်စေသည်ဟု ဆိုကာ အမှုဖွင့်ခံရခြင်း ဖြစ် သည်။
DVB သတင်းထောက် ဘဦးက “ဒီအမှုနဲ့ ပတ်သက်လို့ ဘာအင်တာနက်မှ မတင်ခဲ့ဘူး၊ မဇ္ဈိမမှာ သတင်းပါလာ တော့လည်း Likeလည်း မပေးခဲ့ဘူး Comment လည်း မပေးခဲ့ဘူး ။ ရှယ်တာလည်း မလုပ်ခဲ့ပါဘူး၊ ဒါကို ကျွန်တော်ကိုပါ ၆၆ (ဃ) နဲ့ တရားစွဲ ထားတယ်။ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တဲ့ ကျေးရွာသား တချို့ဆိုရင် Facebook တောင် မသုံးတတ်ကြဘူး၊ ဒါလည်း ၆၆ နဲ့ အစွဲခံရတာ သဘာဝ မကျဘူး" ဟုပြော သည်။
သတင်းထောက် ၂ ဦးနှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် ဒေသခံ ၅ ဦး၊ စုစုပေါင်း ၇ ဦးကို တရားစွဲခဲ့ခြင်းဖြစ်ပြီး၊ ယနေ့ ပထမအကြိမ်ရုံးထုတ်ကာ လာမည့် စက်တင်ဘာ ၁၈ ရက်နေ့၊ ဒုတိယ အကြိမ်ထပ်မံချိန်းဆိုခဲ့သည်။