အာဆင်နယ်အသင်း၏ကစားပုံမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း အာစင်ဝင်းဂါး ၀န်ခံ

အာဆင်နယ်အသင်း၏ကစားပုံမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း အာစင်ဝင်းဂါး ၀န်ခံ

သြဂုတ် ၂၈၊ အင်္ဂလန်  ။                        ။ လီဗာပူးလ်အသင်းကို အန်ဖီးလ်ကွင်းတွင် ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက် အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ၎င်းတို့အသင်း၏ကစားပုံမှာ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ဝန်ခံပြောဆိုသွားခဲ့သည်။

ထိုပွဲစဉ်တွင် အာဆင်နယ်အသင်းသည် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူထားသည့် လာကာဇက်တီကို အရန်ခုံတွင် ထားခဲ့သော်လည်း ဆန်းချက်ဇ်ကို ပထမဆုံးပွဲထွက်ကစားစေခဲ့သည်။ လီဗာပူးလ်အတွက် အနိုင်ဂိုးများကို ဖာမီနို၊ မာနေး၊ ဆာလက်ရှ်နှင့် စတူးရစ်ချ်တို့က သွင်းယူပေးခဲ့ကြသည်။

“ကျွန်တော်တို့အသင်းဟာ ပွဲစကတည်း ပုံမှန်အဆင့်အတန်းမှာ ရှိမနေခဲ့ပါဘူး။ ကြံ့ခိုင်မှုအပိုင်း၊ နည်းစနစ်ပိုင်းနဲ့စိတ်ဓာတ်ပိုင်း အားလုံးမှာ ကျဆင်းနေခဲ့ပါတယ်။ ဒီနေ့ ကျွန်တော်တို့အသင်းရဲ့ ကစားပုံက လက်ခံနိုင်စရာမရှိပါဘူး။ လီဗာပူးလ်အတွက် ကျွန်တော်တို့က အရမ်းကို လွယ်ကူလွန်းခဲ့ပါတယ်” ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်ရာသီက ရလဒ်များဆိုးရွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့သည့်အတွက် ပရိသတ်များက နည်းပြအာစင်ဝင်းဂါးကို အသင်းမှ ထုတ်ပယ်ရန်တောင်းဆိုခဲ့သော်လည်း အာဆင်နယ်အသင်းက ဝင်းဂါးကို ၂ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့သည်။ အသင်း၏ ကစားပုံ ဆိုးရွားနေသော်လည်း ပရိသတ်များအနေဖြင့် အသင်းကို ထောက်ခံအားပေးကြရန် အာစင်ဝင်းဂါးက တောင်းဆိုခဲ့သည်။

“တစ်ချို့လူတွေက အသင်းရလဒ်ဆိုးရတဲ့ ပြဿနာက ကျွန်တော်ကြောင့်လို့ ထင်နေပါတယ်။ ကျွန်တော်က ပြဿနာဆိုရင် အဲ့ဒီအတွက် တောင်းပန်ပါတယ်။

ဒါပေမဲ့ အသင်းရဲ့ခြေစွမ်းဆိုးရွားနေတဲ့တိုင်အောင် ပရိသတ်တွေကို ကျွန်တော်တို့နဲ့အတူ ရှိနေစေလိုပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာတစ်ခုပဲ ရှိပါတယ်။ အကောင်းဆုံးကစားပုံနဲ့ ပြန်လာနိုင်ဖို့ပါပဲ” ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly