ရန်ကုန်၊သြဂုတ်၂၂ ။ ။ ပို့ဆောင်နေသည့် ပဲစင်းငုံ၊မတ်ပဲနှင့် ပဲတီစိမ်းတို့ကို အိန္ဒိယမှ လက်မခံတော့သဖြင့့် မြန်မာပြည်တွင်သာ စျေးကျပြီး ပဲစိုက်သူများနစ်နာနိုင်သည်ဟု မန္တလေးကုန်စည်ဒိုင်မှ အထွေထွေအတွင်းရေးမှူး ဦးကျော်သွင် က ဆိုသည်။
ပထမဦးဆုံးအနေဖြင့် ပဲစင်းငုံအား အိန္ဒိယမှ တင်သွင်းခွင့်မပြုတော့ဘဲ ယမန်နေ့ သြဂုတ်လ ၂၁ ရက်ညနေတွင် မတ်ပဲနှင့် ပဲတီစိမ်းအား ထပ်မံပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
"ပို့လို့မှမရတော့ဘဲနဲ့ ဥစ္စာ။ သူတို့က လက်မခံတော့ဘူးလေ လက်မခံတော့ဘယ်သွားပို့မှာလဲ။ မြန်မာပြည်ထဲမယ် ဝဲလည်ထနေမှာပဲ။ ပိုဆိုးလေစျေးတွေကျလေ ဒီကလူတွေ နာလေပဲ"ဟု မန္တလေးကုန်စည်ဒိုင်မှ အထွေထွေအတွင်းရေးမှူး ဦးကျော်သွင်က ဆိုသည်။
မြန်မာနိုင်ငံအတွင်း၌လည်း ယခင်နှစ်မှ ပဲလက်ကျန်ရှိနေသဖြင့် အဆိုပါပဲများမှာ စျေးများကျလာနိုင်သည့်အခြေအနေဖြစ်သည်ဟု ဆိုသည်။
အိန္ဒိယနိုင်ငံသို့ ယမန်နှစ်က ပဲစင်းငုံလက်ကျန်အဟောင်းများမှာ မြန်မာနိုင်ငံမှ ထပ်မံတင်သွင်း လာသည့် ယခုနှစ်ထွက် ပဲစင်းငုံအသစ်များနှင့်ယှဉ်လျှင် စျေးများကျဆင်းနေခဲ့ပြီး ပြည်တွင်းစျေးပြန်လည်တက်လာရန် မြန်မာနိုင်ငံမှတင်သွင်းသည့် ပဲစင်းငုံများကို တင်ပို့ခွင့်မပြုတော့ခြင်း ဖြစ်နိုင်သည်ဟု ဦးကျော်သွင်က သုံးသပ်သည်။
"အခုလောလောဆယ်တော့ သူတို့ဘက်စျေးက ပြန်တက်သွားပြီ။ သူတို့ပိတ်လိုက်တော့ မြန်မာငွေနဲ့ ဆိုရင် သုံးတင်းဝင် တစ်အိတ်ကို ၈၅၀၀ ပတ်ဝန်းကျင်လောက် ဖြစ်သွားပြီ။ ခဏပဲ ပိတ်တာလား အမြဲလားတော့ မသိဘူးပေါ့"ဟု ပြောသည်။
အဆိုပါပဲများသည် သိုလှောင်ထားမည်ဆိုပါက နှစ်ရှည်အထားခံနိုင်ပြီး နှစ်လတစ်ကြိမ် ဆေးထိုးပေးရမည် ဖြစ်သည်။
အိန္ဒိယနိုင်ငံသို့ မြန်မာနှင့် အာဖရိကနိုင်ငံ ၄ နိုင်ငံမှ ပဲများတင်သွင်းနေပြီး နောင်နှစ်များတွင် တစ်နှစ်လျင် ပဲတန်ချိန်၂သိန်းသာ အိန္ဒိယနိုင်ငံသို့ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်ဟုလည်း ၎င်းကဆိုသည်။