ရန်ကုန်၊ သြဂုတ်၂၁ ။ ။ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးဝန်ထမ်းခေါ်ချက်တွင် ကိုယ်လက်အင်္ဂါသန်စွမ်းသူ ဖြစ်ရမည် ဆိုသော အချက်ပါ၀င်နေသည့်အပေါ် မသန်စွမ်းသူများအဖွဲ့ချုပ်က ကန့်ကွက်ရှုံ့ချကြောင်း ယနေ့ ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ရုံး၏ အလုပ်ခေါ်စာတွင် အရည်အချင်းသတ်မှတ်ချက် အမှတ်စဉ်(၂) (ဃ)တွင် "ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသန်စွမ်းသူဖြစ်ရမည်"ဟူသောအချက် ပါဝင်နေခြင်းဖြစ်သည်။
မသန်စွမ်းသူများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က "အခု လောလောဆယ်မှာ ပထမအဆင့်အနေနဲ့ကတော့ အသိပညာပေးတဲ့လုပ်ငန်းတွေကို လုပ်နေတာ ဒီလိုမလုပ်သင့်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဥပဒေအရ ဒီလိုမလုပ်သင့်ဘူးပြောတာ ။ အသိပညာပေးတဲ့ကာလတွေ ကျော်လာပြီ ။ ခဏခဏဖြစ်နေတယ်ဆိုရင်တော့ ကျွန်တော်တို့အရေးယူမှုတွေလုပ်မယ်"ဟု ပြောသည်။
မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၏ အရည်အချင်းသတ်မှတ်ချက်သည် ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်၊ ၂၀၁၅ ခုနှစ် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေတို့ကို ချိုးဖောက်ရာကျရောက်နေသည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၏ အရည်အချင်းသတ်မှတ်ချက်အမှတ်စဉ် (၂)ဃကို ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုထားပြီး ပြင်ဆင်မပေးပါက သွားရောက်ညှိနှိုင်းသွားမည်ဟု ဦးအောင်ကိုမြင့်က ဆိုသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် “လူတိုင်း သင့်တင့်သောလစာဖြင့် အလုပ် လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂများအထိ ဝင်ရောက်ခွင့်ရှိသည် ” ဟု ဖော်ပြထားသည်။
၂၀၀၈ ခုနှစ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “ နိုင်ငံသားများသည် ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်မှု၊ အလုပ်လုပ်ကိုင်မှုတွင် တူညီသောအခွင့်အလမ်းရရှိစေရမည်” ဟု ဖော်ပြထားသည်။
မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေတွင် မသန်စွမ်းသူများကို ခွဲခြားဆက်ဆံမှုနှင့် နှိမ့်ချမှု မရှိစေရ၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး မသန်စွမ်းသူများအတွက် အခြားသူများ နည်းတူ တန်းတူညီမျှအလုပ်လုပ်ကိုင်ခွင့်ရရှိရေး အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး၊ အလုပ်ခန့်ထားရာတွင် ခွဲခြားမှုမရှိရေး"ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုအရ နိုင်ငံ့လူဦးရေ၏ ၄.၆%၊ (၂.၃)သန်းခန့်မှာ မသန်စွမ်းသူများ ဖြစ်ကြသည်။