ရန်ကုန်၊ သြဂုတ် ၁၈ ။ ။ ကချင်ပြည်နယ်ရှိ ကဆုန့်စစ်ဘေးရှောင် တစ်ထောင်ကျော်ကို ကူညီထောက်ပံ့ရန်လာရောက်သည့် ဖားကန့်အခြေစိုက် ကချင်အမျိုးသားလူမှု့ဖွံဖြိုးရေးအသင်းမှ ကား ၈ စီးမှာ အချိန်တစ်ရက်ကျော်ကြာ သည်အထိ ထွက်ခွာခွင့်မရရှိသေးကြောင်း အသင်းတာဝန်ခံ ကိုတူးလွန်ကပြောသည်။
သြဂုတ် ၁၂ ရက်နေ့လည်ပိုင်းက ကာမိုင်းကျေးရွာအနီးရှိ ဂိတ်တစ်ခုတွင် ယင်းကဲ့သို့ တားမြစ်ခံခဲ့ရခြင်းဖြစ်ကာ သြဂုတ် ၁၈ရက်၊ ညနေ ၃ နာရီအထိ ထွက်ခွာခွင့်မရရှိသေးကြောင်း ၄င်းကဆက်လက်ပြောသည်။
“ အခုထိဘာမှ ဖြေရှင်းချက်လည်း ကောင်းကောင်းမယ်မယ် မရသေးဘူး။ လူက ၃၁ နဲ့ ၃၆ ယောက်ကြား၊ ကားကတော့ ၈ စီးပေါ့ ။ နမ္မတီးမှာရောက်နေတဲ့ စစ်ရှောင်တွေပေါ့ ။ RC ကျောင်းမှာလည်း ရှိတယ်။ စစ်ရှောင်တွေကို သွားကူညီဖို့ သက်သက်ပဲ။ တခြား ဘာမှလည်းမပါဘူး။ ပစ္စည်းတွေလည်း ဖိနပ်တို့ ထီးတို့ မုန့်တို့ သဘက်တို့ ဒီဟာတွေပါပဲ “ ဟု ကိုတူးလွန်က ပြောဆိုသည်။
တပ်မတော်နှင့် ကချင်အဖွဲ့ (KIA) တို့ ကဆုန်းရွာအနီး တိုက်ပွဲဖြစ်ပွားသောကြောင့် တစ်ပတ်ကျော်အတွင်း နမ္မတီးရွာရှိ ဘုရားကျောင်းနှစ်ကျောင်းသို့ စစ်ဘေးရှောင် တစ်ထောင်ကျော် လာရောက်ခိုလှုံနေခြင်းလည်း ဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်၊ မိုးကောင်းနှင့်ဖားကန့်ရှိ လွှတ်တော်အမတ်အချို့ကို မေးမြန်းခဲ့သော်လည်း မသိရှိကြောင်းသာ ဖြေကြားခဲ့သည်။
သြဂုတ်လ ၁၅ ရက်နေ့ထိ ကဆုန့်ကျေးရွာနှင့် ဇွပ်မိုင်ယန်ကျေးရွာသားများ နမ္မတီးမြို့ လမ်ဘရော့ယန် ကက်သလစ် ဘုရားကျောင်းတွင် စစ်ရှောင် ၅၅၂ ဦးရောက်ရှိလာကာ နှစ်ခြင်းအသင်းတော်တွင် ပေါင်း ၅၉၇ ဦး ကျော်ရှိပြီး စုစုပေါင်း (၁၁၄၉) ဦး ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် ရုတ်တရတ်ထွက်ပြေးလာရသောကြောင့် လတ်တလောတွင် အစားအစာ၊ အဝတ်အထည်ကဲ့သို့ အခြေခံပစ္စည်းများ လိုအပ်လျက်ရှိကြောင်း နမ္မတီးရွာခံ ဒေါ်ရွယ်ဂျားက ပြောဆိုထားသည်။
ယနေ့ သြဂုတ်လ ၁၈ ရက်တွင် ကချင်ပြည်နယ်၊ နမ္မတီးမြို့၊ (လမ်းခွ) RCကက်သလစ်ဘုရားကျောင်း နှင့် ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတို့တွင် ခိုလှုံနေကြသော စစ်ဘေးရှောင်ပြည်သူများအတွက် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)သည် လိုအပ်သည့် အခြေခံစာနပ်ရိက္ခာများနှင့်လူ့အသုံး အဆောင်ပစ္စည်းများကို ပေးပို့လှူဒါန်းခဲ့သည်။
“ သူတို့က ဘာကြောင့် အတားခံရသလဲဆိုတာ စဉ်းစားစရာတော့ရှိတာပေါ့။ ဘာကြောင့်များလဲဆိုတာတော့ ကျွန်တော်လည်း တိတိကျကျမသိဘူး။ အတားခံထားရတဲ့အကြောင်းအရင်းက တစ်ဖက်ကလည်း တားတဲ့သူတွေဘက်ကလည်း ခိုင်လုံတဲ့အကြောင်းပြချက်ရှိလို့လား ဆိုတာတော့ ယူဆနေရတာပဲ “ ဟု မိုးကောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ကပြောဆိုဘည်။ သို့သော် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် မိုးကောင်းမြို့နယ်နှင့် ဖားကန့်ရှိ နောက်ထပ် လွှတ်တော် အမတ်အချို့ကိုမေးမြန်းခဲ့သော်လည်း သေသေချာချာ မသိကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။