ရန်ကုန် ၊ သြဂုတ် ၁၈ ။ ။ ရိုက်တာသတင်းဌာနမှ ရေးသားခဲ့သည့် သတင်းဆောင်းပါးတွင် မည်သည့်အချက်အလက် မှားယွင်း နေကြောင်း ဖော်ပြပေးရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ အကြောင်းပြန်ချက် ပေးပို့ခဲ့ပြီးနောက် ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းထံက အကြောင်းကြားစာကို လာမည့် သြဂုတ်လ ၂၄ ရက်နေ့ အထိ စောင့်ဆိုင်းသွားမည်ဖြစ်ကြောင်း သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။
"တိုင်ကြားမှုဖြေရှင်းရေးအစည်းအဝေးက အပတ်စဉ် ကြာသပတေးနေ့တိုင်း လုပ်တယ်။ မနေ့ကအထိ သူ့ဆီက အကြောင်းပြန်စာ မရသေးဘူး။ လာမယ့် ကြာသပတေးနေ့အထိ သူ့ဆီက စာကို စောင့်မယ်။ အဲ့အကြောင်းအရာကို နောက်တစ်ပတ် အစည်းအဝေးမှ ဆုံးဖြတ်မယ်" ဟု ဦးသီဟစောက ပြောသည်။
ရိုက်တာသတင်းဌာနမှ သြဂုတ်လ ၆ ရက်နေ့တွင် ရေးသားခဲ့သည့် သတင်းဆောင်းပါးတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးအနေဖြင့် တရုတ်နိုင်ငံမှ ဘတ်စ်ကားသစ်များတင်သွင်းရာတွင် တင်ဒါခေါ်ယူခြင်းမရှိဘဲ ပွင့်လင်းမြင်သာမှု အားနည်းစွာ ၀ယ်ယူခဲ့သည်ဟု ရေးသားထားခဲ့သည်။
ယင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး ဦးဖြိုးမင်းသိန်းက ရိုက်တာသတင်းဌာနကို အရေးယူပေးရန် သတင်းမီဒီယာကောင်စီအား သြဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်းတွင် တိုင်ကြားခဲ့ပြီးနောက် သတင်းမီဒီယာကောင်စီမှ ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ မှားယွင်းနေသည့်အချက်ကို ထောက်ပြရန်နှင့် အရေးယူ ရမည့်ကိစ္စကို တိတိကျကျရေးသားပေးရန် သြဂုတ်လ ၁၅ ရက်က အကြောင်းပြန်စာ ပို့ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ပြီးခဲ့သည့်နှစ်နိုဝင်ဘာလအတွင်းက Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားပြီးနောက် ရိုက်တာသတင်းဌာနသည် ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ တိုင်ကြားမှုကို ခံခဲ့ရသည်ဟု ဒုတိယမြောက်မီဒီယာ ဖြစ်လာခဲ့သည်။