ရန်ကုန်၊သြဂုတ်၁၆ ။ ။ ပညာသင်ဆုလျှောက်ထားနိုင်သည့် သတင်းမီဒီယာသင်တန်းတစ်ခုအား မြန်မာသတင်း ပညာသိပ္ပံ(Myanmar Journalism Institute)မှ တတိယအကြိမ်မြောက်သင်တန်းသားသစ်များ စတင်ခေါ်ယူနေပြီဖြစ်သည်။
အဆိုပါသင်တန်းမှာ အချိန်ပြည့် မာလ်တီမီဒီယာသင်တန်းဖြစ်ပြီး ရုပ်သံ၊ရေဒီယို၊ သတင်းစာ၊ အွန်လိုင်း စသည့် မီဒီယာအမျိုးစားများအတွက် သင်ကြားပေးသွားမည်ဖြစ်သည်။
သင်တန်းကြေး(၁)နှစ်စာ သိန်း(၂၀)ကျသင့်၍ ပညာသင်ဆုလျှောက်ထားခွင့်ရှိသော်လည်း သင်တန်းကြေးအပြည့်ဝကင်းလွှတ်ခွင့်ပါရှိမည်မဟုတ်ကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသီဟစောကပြောပြသည်။
"အားလုံးFree Scholarတော့မရှိဘူး သူကScholarshipလျှောက်တဲ့လူက ရ၅ရာခိုင်နူန်းကင်းလွှတ်ခွင့် ရမယ် ၅သိန်းကတော့ အရစ်ကျခွဲပြီးသွင်းလို့ရတယ် ။ နယ်ကလူနဲ့ နေစရာမရှိတဲ့လူတွေကို ဘော်ဒါထားပေးမယ် နေစရာ၊ စားစရိတ်အဲဒါတွေအလကား အဲ့ဒါတော့ရှိတယ်"ဟု MJIသင်တန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသီဟစောက ဆိုသည်။
ပထမအကြိမ် အချိန်ပြည့်မာတီလ်မီဒီယာသင်တန်းအတွက် သင်တန်းကြေးအပြည့်အဝကင်းလွတ်ခွင့် ရှိခဲ့သည်။
အဆိုပါသင်တန်းမှဆင်းလျှင် အလုပ်အကိုင်ရရှိရန်အတွက် သင်တန်းမှအာမခံချက်ပေးထားခြင်းမျိုး မရှိကြောင်း ဦးသီဟစောမှပြောသည်။
"ငါတို့ကတော့အာမခံချက်မပေးဘူး။ ဒါပေမယ့်အရှေ့ကသင်တန်းတွေက ထွက်သမျှလူတွေအကုန်လုံးလိုလို အလုပ်ရသွားတာပဲ ။ ဒါကိုတက်ပြီးတော့ သူတို့ Internship ဆင်းရတာကိုး။ ပထမ၆လပြီး တစ်ခါ ဆင်းရတယ် ။ ဒုတိယ ၆ လမှာ တစ်ခါဆင်းရတယ်"ဟု MJIသင်တန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသီဟစောကပြောသည်။
သင်တန်းလျှောက်လွှာများကို ယခုသြဂုတ်လကုန်နောက်ဆုံးထားလျှောက်ထားနိုင်ပြီး သင်တန်းသား ဦးရေ(၂၀)ခန့်ကိုခေါ်ယူသွားမည်ဖြစ်သည်။
မြန်မာသတင်းပညာသိပ္ပံ(Myanmar Journalism Institute)ကို ၂၀၁၄ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ၎င်းသင်တန်းကို ပြည်တွင်းရှိ မီဒီယာအဖွဲ့များ၊ သတင်းဌာနများမှ (၃၉)ဦးပါဝင်ပြီး UNESCO၊ ဂျာမန်၊ ပြင်သစ်နှင့် ဆွီဒင်နိုင်ငံတို့မှ ထောက်ပံ့ပေးထားသည်။