မန္တလေး၊ သြဂုတ် ၁၆ ။ ။ မန္တလေးမြို့၊ အမရပူရမှာရှိတဲ့ ဦးပိန်တံတား လက်ရန်းတပ်ဆင်သွားမယ်လို့ ဒေသခံများနှင့် ဖွဲ့စည်းထားတဲ့ တံတားပြုပြင်စောင့်ရှောက်ရေးကော်မတီ တာဝန်ရှိတဲ့ သူတစ်ဦးက မီဒီယာတစ်ချို့ကို ဖြေကြားခဲ့တာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သြဂုတ်လ ၁၅ ရက်နေ့မှာ ငြင်းဆိုလိုက်ပါတယ်။
လက်ရန်းတပ်မယ်ဆိုတဲ့ သတင်းများထွက်ပေါ်အပြီး လူမှုကွန်ယက်စာမျက်နှာများပေါ်မှာ ဝေဖန်မှုများလည်းဖြစ်ပေါ်ခဲ့ပါတယ်။
အဲဒီလိုဝေဖန်မှုတွေဖြစ်ပေါ်ခဲ့တာကြောင့် သြဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာပဲ ရှေးဟောင်းသုတေန၊ ဦးပိန်တံတားပြုပြင်ထိန်းသိမ်းရေး ကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ လက်ရန်းတပ်ဆင်သွားရန် မရှိကြောင်း ငြင်းဆိုလိုက်ခြင်းလည်းဖြစ်ပါတယ်။
သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က တွေ့ဆုံပွဲအပြီးမှာ"ဒီလိုပြင်မယ်ဆိုတာ အစိုးရအဖွဲ့က ဘာမှမသိပါဘူး။ ဘာလုပ်လုပ် တစ်ဦးတစ်ယောက်ထဲ ဆုံးဖြတ်ချက်နဲ့ လုပ်လို့မရပါဘူး။ အဖွဲ့အားလုံးညှိုနှိုင်းပြီးမှ ဆုံးဖြတ်လုပ်ရတာပါ။ ဦးပိန်တံတားပြုပြင်ထိန်းသိမ်းရေး အဖွဲ့ဆိုပြီး လုပ်ချင်တိုင်း လုပ်လို့မရပါဘူး။"လို့ မီဒီယာသမားများနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။
အဲဒီလို လက်ရန်းတပ်ဆင်မယ်လို့ပြောဆိုခဲ့တဲ့ ဦးပိန်တံတားပြင်ဆင်ရေးကော်မတီ၊ အတွင်းရေးမှူး ဦးစိုးဝင်းကတော့ ရှေးဟောင်းနဲ့ညှိုနှိုင်းပြီးသားပါ။"လို့ တုန့်ပြန်ပြောဆိုထားပါတယ်။
ဦးပိန်းတံတားပြုပြင်စောင့်ရှောက်ရေးကော်မတီကို ၂၀၁၂ခုနှစ်စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပြုပြင်မှုလုပ်ငန်းများမှာ လိုအပ်တဲ့နေရာကနေ ကူညီပ့ံပိုးပေးနေတဲ့ အဖွဲ့လည်း ဖြစ်တယ်လို့ ဦးစိုးဝင်းကဆိုပါတယ်။
လက်ရှိ အနေအထားအရ လက်ရန်းများတပ်ဆင်သွားဖို့ မရှိကြောင်းလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကဆိုထားပါတယ်။