သြဂုတ် ၁၅ ။ ။ အမေရိကန်တို့ဘက်က အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လုပ်နေဦးမယ်ဆိုရင်တော့ ရရှိထားပြီးဖြစ်တဲ့ နျူကလီးယားသဘောတူညီချက်ကနေ ချက်ချင်း နှုတ်ထွက်သွားမယ် ဆိုပြီး အီရန် သမ္မတ ဟာဆန် ရိုဟာနီက သြဂုတ် ၁၅ ရက်မှာ ထုတ်ပြန်သတိပေးလိုက်ပါတယ်။
မိမိတို့ နိုင်ငံအပေါ် ဆက်ပြီး ဆန်ရှင်တွေ ချမှတ်နေဦးမယ်ဆိုရင်တော့ မိမိတို့ရဲ့ နျူကလီးယားအစီအစဉ်တွေကို ပြန်စလိုက်ရုံပဲ ဆိုပြီး အီရန် သမ္မတက အမေရိကန်ကို တိုက်ရိုက် ခြိမ်းခြောက် လိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ကာလတွေတုန်းကတော့ တီဟီရန်အနေနဲ့ ဒုံးကျည်စမ်းသပ်မှုတွေ လုပ်ဆောင်ထားခဲ့တဲ့နောက် ဒါဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့အကြား ရရှိထားတဲ့ နျူကလီးယားသဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဆိုပြီး ၀ါရှင်တန်ဘက်ကအရေးယူပိတ်ဆို့မှု အသစ်တွေထပ်မံလုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ယခုလို ပိတ်ဆို့မှုတွေကြောင့် မိမိတို့ တွန့်သွားမှာမဟုတ်တဲ့အပြင် ကမ္ဘာ့နိုင်ငံတွေနဲ့အကြားရထားတဲ့ စာချုပ်အောက်ကနေ ချက်ချင်း ထွက်သွားဖို့ အဆင်သင့်ပဲဆိုပြီး အီရန် သမ္မတ ရိုဟာနီက ပါလီမန်မိန့်ခွန်းပြောဆိုရာမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
အီရန်တို့အနေနဲ့ လက်ရှိအချိန်ထိတော့ နျူကလီးယားသဘောတူညီချက်ကိုပဲ ဆက်ကိုင်ဆွဲထားချင်ပါကြောင်း၊ ဒါပေမယ့် ဒါဟာ အမြဲတမ်း ရွေးချယ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းတော့မဟုတ်ကြောင်း ၎င်းက ပြောဆိုသွားပါတယ်။