အစ္စလာမ္မာဘတ်၊ သြဂုတ် ၁၄ ။ ။ ပါကစ္စတန်နိုင်ငံသည် သြဂုတ် ၁၄ ရက်က နိုင်ငံ လွတ်လပ်ရေး နှစ် ရ၀ ပြည့်မြောက် အခမ်းအနားတွင် အမျိုးသားစည်းလုံးညီညွတ်မှုကို နှိုးဆော်ကာ နိုင်ငံစစ်တပ်ကလည်း အကြမ်းဖက်ဝါဒအား အမြစ်ဖြုတ်ရေး ကတိပြုလျက် ကျင်းပကြသည်။
အစ္စလာမ္မာဘတ်တွင် သေနတ် ၃၁ ချက် ပစ်ဖောက် ဂုဏ်ပြုကာ အခြား ပြည်နယ်မြို့ကြီးများတွင် ၂၁ ချက် ပစ်ဖောက်ပြီး လွတ်လပ်ရေးနေ့အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ယင်းနောက်တွင် နိုင်ငံအရာရှိကြီးများနှင့် ဧည့်သည်တော်အဖြစ် ရောက်ရှိနေသော တရုတ် ဒုတိယဝန်ကြီးချုပ်တို့ တက်ရောက် ရောက်ရှိနေရာ အစ္စလာမ္မာဘတ် ကွန်ဗင်းရှင်းစင်တာတွင် အလံတင်အခမ်းအနား ကျင်းပသည်။
"မတူညီမှုများကို ဘေးဖယ်ထားပြီး အမိမြေ ကြွယ်ဝချမ်းသာရေးနဲ့ ဖွံ့ဖြိုးရေးအတွက် လက်တွဲညီညာကြပါစို့။ အမုန်းတရားများနဲ့ သံသယများကို ကျော်လွှားပြီး မေတ္တာတရားနှင့် ညီညွတ်ခြင်းကို ဖော်ဆောင်ကြပါစို့။"ဟု သမ္မတ မမ်နွန်းဟူစိန်က ပြောသည်။
လွတ်လပ်ရေး အခါသမယ မရောက်မီ ညလယ်ပိုင်းကပင် အစ္စလာမ္မာဘတ်နှင့် လာဟိုးအပါအဝင် မြို့ကြီးအချို့က လမ်းများတွင် အလံများ ဝှေ့ယမ်းခြင်း၊ မီးရှုးမီးပန်းများ ပစ်ဖောက်ခြင်းတို့ဖြင့် စတင်နေကြခြင်း ဖြစ်သည်။
"ကျွန်တော်တို့ဟာ မတူညီသော မျိုးနွယ်စုတွေ စုပေါင်းနေထိုင်ကြပါတယ်။ ကျွန်တော်တို့တွေ စုစည်းညီညွတ်သွားရပါမယ်။"ဟု သြဂုတ် ၁ ရက်ကမှ ကျမ်းသစ္စာဆို ရာထူးရယူခဲ့သော ဝန်ကြီးချုပ် အဘာစီက ပြောခဲ့သည်။
၁၉၄၇ သြဂုတ် ၁၅ ရက် ညလယ်တွင် ဗြိတိသျှလက်အောက်မှ အိန္ဒိယတိုက်ငယ်သည် ဟိန္ဒူအများစုက အိန္ဒိယ၊ မွတ်စလင်အများစုက ပါကစ္စတန်အဖြစ် နှစ်နိုင်ငံ သီးခြားကွဲထွက်ခဲ့ခြင်းဖြစ်သည်။