မင်္ဂလာပါ…………….။
ဒီတစ်ပတ်အတွက်ကတော့ ပင်လယ်စာ ရေဘဝဲကို ချဉ်ငံစပ်ကလေး ချက်စားဖြစ်ပါတယ်။ ပင်လယ်စာ ကြိုက်တတ်တဲ့သူတွေအတွက် လွယ်ကူရိုးရှင်းပြီး ထမင်းနဲ့စားစား အမြည်းလေးပဲလုပ်လုပ်၊ အရသာရှိရှိစားနိုင်ဖို့ ဟင်းချက်နည်းလေး တင်ဆက်ပေးပါမယ်။
ဟင်းချက်ဖို့ လိုအပ်တာတွေကတော့
ရေဘဝဲ ၂၅သား
COOK နေကြာဆီ အနည်းငယ်
ကြက်သွန်ဖြူ ၁ ဥ (လေးစိတ်ကွဲ ထောင်းထားပါ)
ကြက်သွန်နီ ၁ဥ (ပါးပါးလှီးထားပါ)
ငရုတ် အပုမှုန့် အနည်းငယ်
ရှာလကာရည် အနည်းငယ်
ဆား အနည်းငယ်
ငရုတ်သီးစိမ်း အနည်းငယ် (လေးစိတ်ကွဲ ထောင်းထားပါ)
ပင်စိမ်း/ရှမ်းနံနံ အနည်းငယ်တို့ လိုအပ်ပါတယ်။
ဟင်းချက်ဖို့ စတင်ပြင်ဆင်ပါမယ်။ ရေဘဝဲကို ရေဆေးသန့်စင်ပြီးရင် အကောင်လိုက် ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲကို ထည့် ၂မိနစ်လောက်ပြုတ်ပေးပါ။
ရေဘဝဲ အပေါ်ယံကြောလေး တင်းသွားပြီဆိုရင်တော့ ရေအေးနဲ့ ပြန်ဆေးပြီး အနေတော်လှီးဖြတ်ထားပါ။
အခု ဟင်းစချက်ပါမယ်။ အရင်ဆုံး COOK နေကြာဆီကို အိုးထဲမှာ ပူလာအောင် ခဏထားပါ။ ပူလာရင်တော့ ငရုတ်မှုန့် ကြက်သွန်ဖြူနီ နဲ့ ငရုတ်သီးစိမ်းတို့ကို မွှေးလာအောင် ဆီသတ်ပါ။
ဆီသတ်တာ မွှေးလာပြီဆိုရင် အနေတော်လှီးထားတဲ့ ရေဘဝဲတွေကို ထည့်ပါ။
ပြီးရင်တော့ အသားနဲ့ အနှစ် သမအောင်မွှေပါ။ ဆားထည့်ပါ။ ရှာလကာရည် ထည့်ပါ။ ရေထည့်စရာမလိုဘဲ ရေဘဝဲက ထွက်လာတဲ့ အရည်နဲ့ ကျက်အောင်ချက်ပါ။
ပင်လယ်စာတွေက နူးညံံံ့ပြီးသားမို့ အကြာကြီးချက်ဖို့ မလိုပါဘူး။ အရည်ခမ်းပြီး ဆီပြန်လာရင်တော့ ပင်စိမ်း/ရှမ်းနံနံလေးထည့် ပြီး ခဏမွှေပေးပါ။ အခုဆိုရင်တော့ ချဉ်ငံစပ် အရသာနဲ့ ရေဘဝဲဟင်းလေးရပါပြီ ။
ပေစိလက်ရာ အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။
ဒီအစီအစဉ်ကို COOK မှ အဓိက ကူညီပံ့ပိုးပေးပါတယ် ။