ရန်ကုန်၊သြဂုတ်၁၂ ။ ။ H1N1 သည် ပုံမှန် ရာသီတုပ်ကွေးဖြစ်ပြီး လက်ရှိအခြေအနေတွင် ကပ်ရောဂါနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေမဟုတ်ကြောင်း ယနေ့ သြဂုတ်လ ၁၂ ရက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Seasonal Influenza A(H1N1)pdm09 အပေါ် ကနဦးသုံးသပ်ချက်မှ သိရသည်။
၎င်းအချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့မှ ၂၀၁၇ မေလမှဇူလိုင်လအတွင်း အခြေအနေများကို ကူးစက်ဗေဒဆိုင်ရာရှူ့ထောင့်မှ သုံးသပ်ချက်အရ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
A(H1N1)pdm09နှင့် H3N2အစရှိသည်တို့သည် ရာသီတုပ်ကွေးများဖြစ်ကြပြီး မိုးရာသီတွင် ပုံမှန်ဖြစ်ပွားခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
သို့သော် ရန်ကုန်တိုင်းဒေသကြီးတွင် H1N1ပိုးတွေ့လူနာအများဆုံးဖြစ်ပြီး ကျန်တိုင်းဒေသကြီးနှစ်ခုတွင် ဒုတိယအများဆုံးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရာသီတုပ်ကွေး Seasonal InfluenzaA(H1N1)အပေါ် ကနဦးသုံးသပ်ချက်အရ တွေ့ရှိရသည်။
ဇူလိုင်လ ၂၁ ရက်မှ ယနေ့အထိ ရက် ၂၀ ကျော်အတွင်း တစ်နိုင်ငံလုံး၌ H1N1ပိုးတွေ့လူနာပေါင်း ၂၀၄ ဦးရှိခဲ့ပြီး လူ ၂၃ ဦး သေဆုံးခဲ့ပြီး ဖြစ်ပြီး ရာသီတုပ်ကွေးဟုသာ ဆက်လက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၌ ၂၀၁၀ခုနှစ်နှင့် ၂၀၁၄ခုနှစ်ကာလများတွင် Seasonal Influenza A(H1N1)pdm09 ရောဂါပိုး အဓိကဖြစ်ပွားခဲ့ဖူးသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၁၃ လသားအရွယ် ကလေးတစ်ဦးတွင် H1N1 တွေ့ရှိထားကြောင်း ယနေ့ သြဂုတ်လ ၁၂ ရက်တွင် အတည်ပြုထားသည်။