ကရင့်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးနှင့်တကွ ကရင့်တော်လှန်ရေးတွင်း အသက်ပေးလှူသွားကြ ကုန်သော ကရင့်အမျိုးသားခေါင်းဆောင်များအားများ ဦးညွှတ်ဂါရဝ ပြုသော အားဖြင့် ၆၇ နှစ်မြောက် ကရင့်အာဇာနည်နေ့ကို ဘားအံမြို့တွင် သြဂုတ်လ ၁၂ ရက်နေ့က ကျင်းပခဲ့သည်။
တော်လှန်ရေးအတွင်း အသက်ပေးလှူသွားကြသည့် ကရင့်အာဇာနည်ခေါင်းဆောင်များအတွက် ကရင့်အာဇာနည် ကျောက်တိုင် ကော့ကဒါ ကျေးရွာအုပ်စု ကမော့ကပိုစံပြကျေးရွါရှိ စောဘဦးကြီး အမှတ်တရ အထိမ်းအမှတ် ကျောက်တိုင်ကို ဒေသခံ ကရင်တိုင်းရင်းသားများက အလေးပြု အခမ်းအနားကိုလည်း ကျင်းပခဲ့သည်။
"ကျွန်တော်တို့ တိုင်းရင်းသားတွေ ၊ ကျွန်တော်တို့ပြည်သူတွေ တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရ လက်ထက်မှာမှ ကျွန်တော်တို့ရဲ့ သမိုင်းမှန်ကို မဖော်ထုတ်နိုင်ရင် ဘယ်တော့မှ ဖော်ထုတ်လို့ရမှာ မဟုတ်ပါဘူး" ဟု ၈၈ ကရင်မျိုးဆက်ကျောင်းသားများ၏ လူမှုဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ စောမောင်ကြီးက ၆၇ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားတွင် ပြောသည်။
ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးသည် တော်လှန်ရေးတွင် လက်နက်ချ စကား အလျဉ်းမပြောရ ၊ ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမည်၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်၊ ကရင်ပြည် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည် ဆိုသည့် မူ (၄) ရပ်ကို ချမှတ်ခဲ့သည်။
စောဘဦးကြီးသည် ၁၉၅၅ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့တွင် ရန်သူစစ်တပ်မှ ထို့ကော်ကိုးရွာမှ ကြိုတင်စောင့်ဆိုင်းပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ခြင်း ဖြစ်သည်။
ကရင်အာဇာနည်နေ့ အခမ်းအနားပွဲသို့ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် ကရင်နိုင်ငံရေးပါတီ အချို့မှလည်း သဝဏ်လွှာများ ပေးပို့ခဲ့သည်။
စောဘဦးကြီး ကျဆုံးခဲ့သည့်နေ့ကို ကရင်တစ်မျိုးသားလုံးက ကရင့်အာဇာနည်နေ့အဖြစ်သတ်မှတ်ထားပြီး ဘားအံမြို့တွင် ကျင်းပခဲ့သည်မှာ ၄ ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း စောမောင်ကြီးက ပြောသည်။