သြဂုတ် ၉ ။ ။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ယခုနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိနေကြောင်း ဗာတီကန်မှ လာသော သတင်းရင်းမြစ်များအရ သိရသည်။ ယင်းခရီးစဉ်သာ လက်တွေ့ဖြစ်လာမည်ဆိုပါက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အနေဖြင့် ဗုဒ္ဓဘာသာဝင်နိုင်ငံ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီးတစ်ပါး ဖြစ်လာရန် ရှိနေသည်။
ထင်ရှားသည့် အာရှ ကက်သလစ် သတင်းဌာနတစ်ခု၏ ထုတ်ပြန်ချက်တစ်ခုထဲတွင် လာမည့် နိုဝင်ဘာလ၌ ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါခရီးစဉ်မှာ လာမည့် နိုဝင်ဘာ ၂၇ ရက်တွင် စတင်မည်ဖြစ်ကြောင်းနှင့် လေးရက်ကြာမြင့်မည်ဖြစ်ကြောင်း အမည်မဖော်ပြထားသည့် ကက်သလစ် အသိုင်းအဝိုင်း သတင်းရင်းမြစ်များကို ကိုးကား၍ ယင်းသတင်းဌာနက ဖော်ပြထားသည်။
ပုပ်ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံခရီးစဉ်ကို လာမည့်လတွင် တရားဝင် ကြေညာလာဖွယ် ရှိနေသည်ဟုလည်း သိရသည်။
တစ်ချိန်တည်းမှာပင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အနေဖြင့် မြန်မာနိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပါ သွားရောက်ဖွယ် ရှိသည်ဟုလည်း မျှော်လင့်ရသည်။
ပြီးခဲ့သည့် မေလက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ တွေ့ဆုံခဲ့ကြပြီးနောက် မြန်မာနှင့် ဗာတီကန်တို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ရန် သဘောတူကြေညာနိုင်ခဲ့ကြသည်။