မိုးကောင်း ဩဂုတ် ၆ ။ ။ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နန့်ဟိုင်ကျေးရွာတွင် ယနေ့ သြဂုတ်လ ၆ ရက်၊ နံနက် ၁၀နာရီ ၂၀မိနစ်က နေအိမ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးဒဏ်ရာရခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသတင်းအရ သိရသည်။
ဖြစ်စဉ်မှာ နန့်ဟိုင်ကျေးရွာ ရပ်ကွက်(၁)နေ ဒေါ်နန်ဂရောင်(၄၆နှစ် သေဆုံး)၏ နေအိမ်မီးဖိုဆောင်အတွင်း ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းကြောင့် ၎င်းကျေးရွာနေ ဦးဂျန်အောင်(၃၈နှစ် သေဆုံး)၊ ဦးဇော်ဘောက် (၃၅နှစ် သေဆုံး)၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနေ ကျော်ဇင်ထွန်း(ခ)အိုက်စိုင်း(ခ)ဇော်စမ်း၏ ကျောပြင်နှင့် ညာဘက်ပေါင်တွင် မိုင်းစထိမှန်၍ ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သည်။
အခင်းဖြစ်ပွားရာနေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်အောင်၊ မြို့မရဲစခန်းမှူး ဒု-ရဲမှူးသန်းထိုက်၊ ခလရ(၂၅၂)တပ်မှဗိုလ်ကြီး မျိုးမြတ်သူတို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒဏ်ရာရရှိသူအား မိုးကောင်းပြည်သူ့ဆေးရုံတွင် ဆေးကုသပေးထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်မှုအရ သိရသည်။