မန္တလေး၊ သြဂုတ် ၄ ။ ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံတွင် H1N1 ဖြင့် တက်ရောက်ကုသနေသူတစ်ဦးသည် သြဂုတ်လ ၄ ရက်၊ နံနက် ရနာရီခွဲက သေဆုံးသွားပြီးဖြစ်ကြောင်း ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန်းဝင်းကပြောသည်။
ပြင်ဦးလွင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဇူလိုင်၃၀ ရက်က ရာသီတုပ်ကွေးသံသယဖြင့် တက်ရောက်ကုသနေသည့် လူနာအား စစ်ဆေးခဲ့ရာ သြဂုတ်လ ၃ ရက်တွင် ရောဂါတွေ့ရှိခဲ့ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းပပဝင်း၏ ပြင်ဦးလွင်ခရိုင်အုပ်ချုပ်ရေးမှူးထံ ပေးပို့သည့် အကြောင်းကြားစာရသိရသည်။
သြဂုတ်၃ရက်အထိ တစ်နိုင်ငံလုံး၌ စုစုပေါင်းသေဆုံးသူ (၁၄) ဦးရှိနေပြီး အသက်ရှုလမ်းကြောင်းပိုးဝင်လူနာ(၃၀၅)ဦးနှင့် အချိုးချတွက်ချက်ကာ သေဆုံးမှုနှုန်းမှာ (၄.၆) ရာခိုင်နှုန်းရှိနေသည်ဟု သြဂုတ်၃ရက်နေ့ ညတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
သြဂုတ် ၄ရက်တွင် ပြင်ဦးလွင်၌ တစ်ဦးသေဆုံးခဲ့ရာ သေဆုံးသူ စုစုပေါင်း ၁၅ဦးထိ ရှိနေပြီလည်းဖြစ်သည်။
ရာသီတုပ်ကွေး A(H1N1)ပိုးတွေ့ရှိသူလူနာများအနက်မှ ရောဂါပိုးပျောက်ကင်းပြီးရုံမှဆင်းနိုင်သူ ယနေ့ သြဂုတ်လ ၃ ရက်အထိ၂၈ဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။