ကာဘူးလ်မြို့က အီရတ်သံရုံးကို အိုင်အက်စ်တို့ တိုက်ခိုက်ရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့

ကာဘူးလ်မြို့က အီရတ်သံရုံးကို အိုင်အက်စ်တို့ တိုက်ခိုက်ရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့

ဇူလိုင် ၃၁ ။          ။ အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကာဘူးလ်မြို့က အီရတ်သံရုံး ကို ဇူလိုင် ၃၁ ရက်က အိုင်အက်စ်အဖွဲ့က တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် သံဝန်ထမ်းတွေအားလုံးကို   ဘေးကင်းအောင် စောင့်ရှောက်ပေးနိုင်ခဲ့တယ်ဆိုပြီး အာဖဂန်တာဝန်ရှိသူတွေက ပြောပါတယ်။ ယင်းသံရုံး အပြင်ဘက်မှာ အိုင်အက်စ်အဖွဲ့ရဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ပေါ်ပေါက်ခဲ့သလို စစ်သွေးကြွတွေက သံရုံးဝင်းအတွင်းကို ဖောက်ဖျက်ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်လို့ အာဖဂန် တာဝန်ရှိသူတွေက ပြောပါတယ်။

ယင်းဖြစ်စဉ်မှာ အာဖဂန်လုံခြုံရေးတပ်တွေနဲ့ စစ်သွေးကြွတွေ အကြား ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး တိုက်ခိုက်သူတွေအားလုံး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုဖြစ်ပြီး လေးနာရီအကြာမှတော့ ယင်းအီရတ်သံရုံးကို လုံခြံုစွာ ကာကွယ်နိုင်ခဲ့တယ်လို့ အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ယခုတိုက်ခိုက်မှုအတွင်း သံရုံးဝန်ထမ်း အားလုံး ဘေးကင်းခဲ့ကြကြောင်း၊ လုံခြုံရေးရဲဝန်ထမ်းတစ်ဦးပဲ ဒဏ်ရာအနည်းငယ် ရခဲ့ကြောင်းလည်း ယင်းဌာနက ထုတ်ပြန်သွားပါတယ်။

အနည်းဆုံး အိုင်အက်စ်အဖွဲ့က စစ်သွေးကြွလေးဦးက သံရုံးကို တိုက်ခိုက်ခဲ့ကြောင်း၊ အသေခံဖောက်ခွဲရေးသမားတစ်ဦးဆိုလျင်  သံရုံးဝင်ပေါက်မှာ ၎င်းကိုယ်ကိုယ် ဖောက်ခွဲခဲ့ကြောင်း အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားပါတယ်။

" ချက်ချင်းဆိုသလို ရဲတပ်ဖွဲ့က မြန်မြန်ဆန်ဆန် အချိန်မီရောက်ရှိတုန့်ပြန်နိုင်ခဲ့သလို သံရုံးအတွင်း သံအရာရှိတွေကို ဘေးကင်းစေခဲ့ပါတယ်၊ ဘယ်သံဝန်ထမ်းမှ ဒဏ်ရာမရခဲ့ကြပါဘူး" လို့ ၀န်ကြီးဌာနထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly