ဒုံးပျံကြားဖြတ်ချေမှုန်းရေးစနစ်ကို အမေရိကန်တို့ အောင်မြင်စွာစမ်းသပ်

ဒုံးပျံကြားဖြတ်ချေမှုန်းရေးစနစ်ကို အမေရိကန်တို့ အောင်မြင်စွာစမ်းသပ်

၀ါရှင်တန်၊ ဇူလိုင် ၃၁ ။                       ။ မြောက်ကိုရီးယားနိုင်ငံက ကမ္ဘာ့တိုက်ကြီးများကြား ပစ်ခတ်နိုင်သော တာဝေးပစ်ဒုံးပျံကို ဒုတိယအကြိမ်မြောက် စမ်းသပ်မှုအပြီး ရက်ပိုင်းအကြာတွင် အမေရိကန်တပ်ဖွဲ့များကလည်း တနင်္ဂနွေနေ့က ဒုံးပျံကြားဖြတ်ချေမှုန်းရေး စနစ်တစ်ခုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ်ပေါ်၌ ထိုစနစ်ကို တည်ဆောက်ထားနိုင်ရန်   မျှော်မှန်းနေကြောင်း စစ်ဘက်မှ အရာရှိများက ပြောခဲ့သည်။

ထိုစမ်းသပ်မှုသည် THAAD ဟု အမည်ရသော ဝေဟင်မှဒုံးပျံများကို ကာကွယ်သောစနစ်ကို ၁၅ကြိမ်မြောက် စမ်းသပ်ခြင်းဖြစ်ပြီး ၁၅ကြိမ်လုံး အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သောစနေနေ့တွင် တောင်ကိုရီးယားနိုင်ငံက ၄င်းတို့သည် ၄င်းတို့၏ပိုင်နက် နယ်မြေအတွင်း၌ THAAD ဒုံးပျံ ကာကွယ်ရေးစနစ်ကို တည်ဆောက်တပ်ဆင်မှုအား လျင်မြန်စွာ လုပ်ဆောင်သွားမည်ဖြစ်ပြီး မြောက်ကိုရီးယား တို့၏ ပဲ့ထိန်းတပ်ဒုံးပျံများရန်ကို ကာကွယ်ရန်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရာထူးမှဖြုတ်ချခံခဲ့ရသော တောင်ကိုရီးယားသမ္မတဟောင်း ပါ့ခ်ဂွန်ဟေးလက်ထက်တွင် THAAD ကာကွယ်ရေး စနစ်ကို တပ်ဆင်နိုင်ရန် လုပ်ဆောင်ခဲ့သော်လည်း သမ္မတသစ် မွန်းဂျေးအင် လက်ထက်တွင် ထိုစနစ်တပ်ဆင်မှု ကို ဆိုင်းငံ့ထားခဲ့သည်။

သို့သော်လည်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဆောင်ယောင်မူးက မြောက်ကိုရီးယားတို့၏ ဒုံးပျံစမ်း သပ်မှုများကို တုံ့ပြန်သည့်အနေဖြင့် THAAD စနစ်ကို နိုင်ငံအတွင်း၌ အစမ်းသဘောအနေဖြင့် တပ်ဆင်သွား နိုင်ရန် ညှိုနှိုင်းမှုများ စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စနေနေ့က ပြောခဲ့သည်။

အကယ်၍ ထို THAAD စနစ်ကိုတပ်ဆင်ပါက ဒေသတွင်းမတည်ငြိမ်မှုကို အကြောင်းပြကာ ထိုစနစ်ကို ဆန့်ကျင် နေသော တရုတ်နိုင်ငံအတွက် အမျက်ထွက်စရာ ကိစ္စတစ်ခုဖြစ်လာနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly