Tomorrowland ဂီတပွဲတော်၌ မီးလောင်ကျွမ်းမှုကြောင့် ပရိသတ် ၂သောင်းကျော်ကို ဘေးလွတ်ရာပြောင်းရွှေ့

Tomorrowland ဂီတပွဲတော်၌ မီးလောင်ကျွမ်းမှုကြောင့် ပရိသတ် ၂သောင်းကျော်ကို ဘေးလွတ်ရာပြောင်းရွှေ့

ဇူလိုင် ၃၀ ။            ။ စပိန်နိုင်ငံ ဘာစီလိုနာမြို့အနီး၌ ကျင်းပနေသော Tomorrowland ဂီတပွဲတော်တွင် စတိတ်စင်ပေါ်၌ မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့သောကြောင့် ပရိသတ် ၂၂၀၀၀ ကျော်ခန့်ကို ဘေးလွတ်ရာသို့ အရေးပေါ်ပြောင်းရွှေ့ခဲ့ရသည်။

စပိန်နိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင်ရှိသော ဆန်တာကိုလိုမာဒီဂရမ်မီနက် အရပ်သို့ မီးသတ်သမားများ အလျင် အမြန် သွားရောက်ခဲ့ရပြီး နောက်ဆုံးတွင် လောင်ကျွမ်းနေသောမီးကို   အောင်မြင်စွာငြိမ်းသတ်နိုင်ခဲ့ကာ ဒဏ်ရာ ရရှိသူတစ်ဦး မရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ ၄င်းတို့၏ကြေညာချက်ထဲ၌ ဖော်ပြထားခဲ့သည်။

ဒါ့အပြင် Tomorrowland ဂီတပွဲတော်အတွင်းမှ စုစုပေါင်းပရိသတ်၂၂၁၄၃ ဦးခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားစဉ်၌ ရိုက်ကူးထားခဲ့သော မှတ်တမ်းများအရ စတိတ်စင်၏ အခြားတစ်ဖက်ကို မီးတောက်ကြီးများ လောင်ကျွမ်းနေခဲ့သောကြောင့် ပရိသတ်များက ထွက်ပြေးနေစဉ်တွင် မီးပွားများပြုတ်ကျလာခဲ့ပြီး အနက်ရောင် မီးခိုးလုံးများ လွင့်တက်လာသည်ကို တွေ့မြင်ရသည်။

မီးလောင်ကျွမ်းရခြင်း၏ အဓိကအကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း နည်းပညာချို့ ယွင်းမှုကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူများက ၄င်းတို့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားခဲ့ကာ အသိပေးခဲ့ကြသည်။

“အာဏာပိုင်များရဲ့ ကျွမ်းကျင်မှုကြောင့် ပရိသတ်ပေါင်း ၂၂၀၀၀ ကျော်ခန့်ကို ဘေးလွတ်ရာသို့ အောင်မြင်စွာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ဒဏ်ရာရရှိသူလည်း တစ်ဦးမှမရှိခဲ့ပါဘူး” ဟု ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly