ဂျပန်ကာကွယ်ရေးဝန်ကြီး ရာထူးမှနှုတ်ထွက်

ဂျပန်ကာကွယ်ရေးဝန်ကြီး ရာထူးမှနှုတ်ထွက်

ဇူလိုင် ၂၉ ။                    ။ ဝေဖန်ပြစ်တင်မှုများဖြင့် ရင်ဆိုင်နေခဲ့ရသည့် ဂျပန်ကာကွယ်ရေးဝန်ကြီး တိုမိုမီ အီနာဒါသည် ဇူလိုင်လ ၂၈ ရက်က ရာထူးမှ နှုတ်ထွက်သွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

 အမျိုးသမီး ကာကွယ်ရေးဝန်ကြီး အီနာဒါ နှုတ်ထွက်သွားမှုက လက်ရှိကာလ လူထုထောက်ခံမှု ဆိုးရွားစွာကျဆင်းနေပြီး အကျပ်အတည်းများအောက် ကျရောက်နေသည့် ၀န်ကြီးချုပ် အာဘေးအတွက်လည်း ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။

ကာကွယ်ရေးဝန်ကြီးအဖြစ်မှ နှုတ်ထွက်ခဲ့သည့် အီနာဒါမှာ သူမ၏ ဦးဆောင်မှုအောက်တွင် စစ်ဘက်ဆိုင်ရာ အချက်အလက်များ ကိုင်တွယ်ပုံ မသေသပ်မှုအပေါ် ပြင်းထန်သည့် ဝေဖန်ထိုးနှက်ခဲ့မှုများနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

" ကာကွယ်ရေးဝန်ကြီးရာထူးကနေ နှုတ်ထွက်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့ပါပြီ၊ ၀န်ကြီးချုပ်ဆီလည်း ကျွန်မရဲ့ နှုတ်ထွက်စာ တင်ပြီး ဖြစ်သလို သူကလည်းလက်ခံထားပြီးပါပြီ" ဆိုပြီး အီနာဒါက သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားသည်။

သူမ နှုတ်ထွက်ခဲ့သည့်ဖြစ်စဉ်နှင့်စပ်လျင်း၍ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ချက်ချင်းဆိုသလို ပြည်သူများကို ထုတ်ပြန်တောင်းပန်သွားခဲ့သည်။   နိုင်ငံစီးပွားရေးကို ပြန်လည်မောင်းနှင်မည်ဟု   ကြွေးကြော်ကာ အာဏာရလာခဲ့သည့် ၀န်ကြီးချုပ် အာဘေးအနေဖြင့် လက်ရှိအချိန်တွင် အဂတိလိုက်စားမှု စွဲချက်များဖြင့် ရင်ဆိုင်လုံးပန်းနေရလျက်ရှိပြီး ၎င်းအပေါ် လူထုထောက်ခံမှုနှုန်းလည်း ဆိုးဆိုးရွားရွား ကျဆင်းနေလျက်ရှိသည်။

ကာကွယ်ရေးဝန်ကြီးအဖြစ်မှ နှုတ်ထွက်သွားသည့် အီနာဒါမှာ မစ္စတာအာဘေး၏ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၆ သြဂုတ်လက ကာကွယ်ရေးဝန်ကြီးဖြစ်လာသူဖြစ်ပြီး အနာဂတ်နိုင်ငံခေါင်းဆောင် ဖြစ်လာနိုင်သူဟုပင် ယူဆခံထားခဲ့ရသူဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly