ဂျာမနီက စူပါမားကတ်တွင် ဓားကိုင်တိုက်ခိုက်မှုဖြစ်၍ တစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရ

ဂျာမနီက စူပါမားကတ်တွင် ဓားကိုင်တိုက်ခိုက်မှုဖြစ်၍ တစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရ

ဟမ်းဘတ်၊ ဇူလိုင် ၂၉ ။                 ။ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့က စူပါမားကတ်တစ်ခုတွင် ဇူလိုင် ၂၈ ရက်က “ဘုရားသခင် ကြီးမြတ်တယ်”(Allahu Akbar) ဟု အော်ဟစ်လျက် ဓားဖြင့်   ဝှေ့ယမ်းတိုက်ခိုက်မှု  ဖြစ်ပွားသည်။

နိုင်ငံရေးခိုလှုံခွင့် မရသူတစ်ဦးက ယခုကဲ့သို့ ဓားကိုင်တိုက်ခိုက်ခြင်းဖြစ်ကာ တစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။ အဆိုပါ တိုက်ခိုက်မှု ကျူးလွန်သူအား လမ်းသွားလမ်းလာများက ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။

“ဒါက အမုန်းတရားကြောင့် တိုက်ခိုက်မှုပါပဲ။ ဒီတိုက်ခိုက်မှုက ကျွန်တော်ကို အမျက်ထွက်စေတယ်။ ဂျာမနီမှာ  ခိုလှုံခွင့်တောင်းသူတစ်ဦးက ကျုးလွန်တာ ဖြစ်ပုံပဲမို့ပါ။ ဒီလို နိုင်ငံရေးခိုလှုံခွင့်မရတာနဲ့  ကျွန်တော်တို့အပေါ်ကို အမုန်းထားတာပါ။”ဟု မြို့တော်ဝန် Olaf Scholz က ပြောသော်လည်း အစွန်းရောက်တိုက်ခိုက်မှုအဖြစ် ကြေညာခြင်း မရှိပေ။

တကယ်၍ အစွန်းရောက်တိုက်ခိုက်မှုအဖြစ်  အတည်ပြုပါက ဒီဇင်ဘာ ၁၉ ရက်တွင် ဖြစ်ပွားသော ဘာလင်ခရစ္စမတ်စျေးကို တူနီးရှားနိုင်ငံသားတစ်ဦး ထရပ်ကားဖြင့် လိုက်လံဝင်တိုက်ရာမှ လူပေါင်း ၁၂ ဦး သေဆုံးပြီး ၄၈ ဦး ဒဏ်ရာရသည့် တိုက်ခိုက်မှုနောက်ပိုင်း ပထမဆုံးအစွန်းရောက်တိုက်ခိုက်မှု ဖြစ်ပေမည်။

ယခု တိုက်ခိုက်သူသည် အသက် ၂၆ နှစ်ရှိ ယူအေအီးနိုင်ငံတွင် မွေးဖွားသူတစ်ဦးဖြစ်သော်လည်း ၄င်း၏ နိုင်ငံသားဖြစ်မှုနှင့် တိုက်ခိုက်မှု ကျူးလွန်ရသည့် နောက်ခံစေ့ဆော်မှုတို့ကို မသိရသေးကြောင်း ရဲက ပြောသည်။

ကျူးလွန်သူသည် အာမတ်အေဆိုသူဖြစ်ပြီး နိုင်ငံရေး ခိုလှုံရန် ဂျာမနီကို ရောက်ရှိလာသူဖြစ်ကာ စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုများ ရှိထားသူဖြစ်သည်ဟု သတင်းဝက်ဘ်ဆိုက်ဖြစ်သော Spiegel Online က ဖော်ပြထားသည်။

၄င်းတိုက်ခိုက်သူကို ပြည်တွင်းမှ ပြန်လည်ထွက်ခွာခိုင်းထားခြင်းဖြစ်သော်လည်း သက်သေခံစာရွက်စာတမ်းများ  ပြည့်စုံမှု မရှိသေးခြင်းကြောင့် နှောင့်နှေးနေခဲ့ခြင်းဖြစ်သည်ဟု မြို့တော်ဝန် Scholz က ဆိုသည်။

ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားသော ယခုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ရဲဌာနနှင့် ပြည်ထဲရေးဝန်ကြီးတို့က ဇူလိုင် ၂၉ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ အသေးစိတ် ထုတ်ပြန်ပေးဖွယ် ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly