အိန္ဒိယက မွေးကင်းစကလေးငယ်တစ်ဦး အရှင်လတ်လတ် မြေမြုှပ်ခံခဲ့ရပေမယ့် ကံကောင်းထောက်မစွာ အသက်ရှင်

အိန္ဒိယက မွေးကင်းစကလေးငယ်တစ်ဦး အရှင်လတ်လတ် မြေမြုှပ်ခံခဲ့ရပေမယ့် ကံကောင်းထောက်မစွာ အသက်ရှင်

ဇူလိုင် ၂၈ ။                ။ အိန္ဒိယနိုင်ငံမှာ မွေးပြီးတစ်ပတ်သာ ရှိသေးတဲ့ ကလေးငယ်တစ်ဦးကို မိခင်ဖြစ်သူက လူမဆန်စွာ အရှင်လတ်လတ် မြေမြှုပ်ထားပစ်ခဲ့ပေမယ့် ကလေးငယ်လေးဟာ ကံကောင်းထောက်မစွာ အသက်ဆက်ရှင်နေခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အဆိုပါဖြစ်စဉ်ဟာ နိုင်ငံအလယ်ပိုင်း Madhya Pradesh ပြည်နယ်မှာ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။ ယခုဖြစ်စဉ်မှာ အဓမ္မပြုကျင့်ခံခဲ့ရပြီး မွေးလာတဲ့ သားယောကျ်ားလေးကို ဆက်ကျော်သက်အရွယ် မိခင်ဖြစ်သူကိုယ်တိုင်က မြေမြုှပ်ပစ်ခဲ့ခြင်း ဖြစ်ပြီး ကလေးငယ်လေးဟာ မြေအောက်တွင် နာရီပေါင်းများစွာကြာ ရှိနေခဲ့ပြီးမှ အသက်ဆက်ရှင်နေခဲ့တာဖြစ်ပါတယ်။

ယင်းမြေမြုှပ်ထားရာနေရာ အနီးအနား ကျေးရွာတစ်ခုက ရွာသားတွေက ကလေးငိုသံ ကြားနေရတယ်ဆိုတဲ့ သတင်းရပြီးနောက် ယခုကဲ့သို့ မြေမြုှပ်ခံထားရတဲ့ ကလေးငယ်လေးကို သွားရှာ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုအခါမှာတော့ ၎င်းကလေးငယ်လေးကို ပြည်နယ်ဆေးရုံသို့ အချိန်မီ ပို့ဆောင်ခဲ့ပြီး ယခုအခါ ကျန်းကျန်းမာမာ ရှိနေတယ်လို့ သိရပါတယ်။

အသက် ၁၆ နှစ်သာရှိသေးတဲ့ ကလေးငယ်ရဲ့ မိခင်ဖြစ်သူက Barwani ဒေသရှိ မိဘတွေနေအိမ်မှာ ၎င်းကို တိတ်တဆိတ် မွေးဖွားခဲ့ပြီးနောက် ယခုလို မြေမြုှပ်စွန့်ပစ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ယခုဖြစ်စဉ်မှာ မိခင်ဖြစ်သူနဲ့ ကလေးတို့ရဲ့ နာမည်တွေကိုတော့ ရဲတပ်ဖွဲ့က ထုတ်ပြန်သွားခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်က အဆိုပါ ကလေးငယ် မြုှပ်ထားရာနေရာအနီး ကလေးတစ်သိုက် ကစားနေခဲ့ရာမှ ကလေးငိုသံကြားရ၍ လူကြီးတွေဆီ သွားအကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ ယင်းနောက် ယင်းနေရာအနီးအနားက ရွာသားတွေက သွားရောက်တူးဖော်ရာမှာတော့ ကလေးငယ်လေးကို မြေအောက် ၁၀ လက်မ လောက်မှာ ရှာတွေ့ခဲ့တယ်လို့လည်း ဆိုပါတယ်။

ကလေးငယ်လေးမှာ အင်းဆက်ပိုးမွှားတွေ အကိုက်ခံထားရတဲ့ အရာတွေပါ တွေ့ရပြီး အအေးမိတဲ့ဒဏ်ပါ ခံစားနေရတာကိုပါ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ယခုအချိန်မှာတော့ ပြည်နယ်ဆေးရုံကို လွှဲပြောင်းပေးထားပြီးဖြစ်ကြောင်း သိရပါတယ်။

ယခုဖြစ်စဉ်မှာ ကလေးငယ်ရဲ့ မိခင်ဖြစ်သူကို လူသတ်မှုနဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။ သူမရဲ့ ပြောဆိုမှုအရ သူမကိုယ်တိုင်ဟာလည်း အဓမ္မပြုကျင့်ခံခဲ့ရကြောင်း သက်ဆိုင်ရာကို ပြောကြားခဲ့ပါတယ်။ သူမကို ပြုကျင့်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် မုဒိန်းကောင်ကိုလည်း အဓမ္မပြုကျင့်မှုနဲ့ သက်ဆိုင်ရာက ဖမ်းဆီးထားပြီးဖြစ်ကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly