တော်ဝင်တာဝန် ထမ်းရွက်ရန် ဗြိတိန်မင်းသား ဝီလျှံ အရေးပေါ်ဆေးဖက်လေယာဉ်မောင်း တာဝန်မှ ရပ်နား

တော်ဝင်တာဝန် ထမ်းရွက်ရန် ဗြိတိန်မင်းသား ဝီလျှံ အရေးပေါ်ဆေးဖက်လေယာဉ်မောင်း တာဝန်မှ ရပ်နား

လန်ဒန်၊ ဇူလိုင် ၂၈ ။              ။ ဗြိတိန်တော်ဝင်မင်းသား ဝီလျှံသည် ညဆိုင်း အရေးပေါ်လေယာဉ်မောင်း တာဝန်ကို ဇူူလိုင် ၂၇ ရက်တွင် နောက်ဆုံးထမ်းဆောင်ကာ အဆုံးသတ်လိုက်ပြီဖြစ်သည်။

စိတ်ပျက်ဖွယ် ကံတရားများကို မျက်မြင်ကြံုဆုံခဲ့ရသည်ဆိုသော အရေးပေါ်ဆေးဖက်လေယာဉ်မောင်းတာဝန်ကို နှစ်နှစ်တာ ထမ်းဆောင်ပြီးနောက် မင်းသားဝီလျှံက တော်ဝင်တာဝန်များကို ထမ်းဆောင်တော့မည်ဖြစ်သည်။

အဘွား ဘုရင်မကြီး အယ်လိဇဘတ်နှင့် ခင်ပွန်းတော် အီဒင်ဘတ်ချ်မြို့စားကြီးတို့ တော်ဝင်တာဝန်များမှ အနားယူတော့ရန် ရှိနေရာ ၄င်းတို့၏ အရိုက်အရာကို နောက်မျိုးဆက်များ ဆက်ခံရန် ရှိစဉ် ဗြိတိသျှထီးနန်းတွင် ဒုတိယမြောက် အရိုက်အရာဆက်ခံသူဖြစ်သည့် ကမ်းဘရိတ်ချ် မြို့စား မင်းသားဝီလျှံက အရေးပေါ်ဆေးဖက်လေယာဉ်မောင်း တာဝန်မှ အနားယူခဲ့ခြင်းလည်း ဖြစ်သည်။

ကမ်းဘရိတ်ချ်လေဆိပ်တွင် အခြေစိုက်ပြီး လေယာဉ်ဖြင့် ကျန်းမာရေး လိုက်လံဝန်ဆောင်ပေးရသည့် အဖွဲ့တွင် တာဝန်ထမ်းခဲ့ချိန်များနှင့် ပတ်သက်လျက် ဝီလျှံသည် ထိုအရေးပေါ်ဌာနတွင် အလုပ်လုပ်ကိုင်နေကြသူများက ချီးမွှမ်းဂုဏ်ယူစရာဖြစ်ကြောင်း ပြောသည်။

“ဒီအဖွဲ့မှာ တာဝန်ထမ်းနေချိန်မှာ ကျွန်တော်ဟာ စိတ်သောက ဖိစီးနေသူတွေကိုလည်း နှိမ့်သက်နွေးထွေးမှု ပေးခဲ့ရတာမျိုး ရှိခဲ့ပါတယ်။”ဟု The Eastern Daily Press က သတင်းစာတွင် မင်းသားဝီလျှံက ရေးသားသည်။

ကျန်းမာရေးအရေးပေါ် ဖြစ်ပေါ်ချိန်များတွင် အရေးပေါ်ဆေးဖက်လေယာဉ်ငယ်ကို မြို့နယ်ပန်းခြံများ၊ ကျောင်းပရိဝုဏ်ဝင်းများနှင့် ကမ်းခြေများတွင် မဖြစ်ဖြစ်အောင် ဆင်းသက်ခဲ့ရချိန်များလည်း ရှိသည်။

“အဖွဲ့အနေနဲ့ ကျွန်တော်တို့ဟာ အလွန်ကြောက်မက်စရာ မတော်တဆမှုတွေဆီလည်း သွားခဲ့ရဖူးတယ်။ တစ်ချို့ဖြစ်ရပ်တွေက တော်တော်လေး ဆိုးဝါးတဲ့ စိတ်မချမ်းမြေ့စရာတွေလည်း ကြံုခဲ့ရတယ်။”ဟု ဝီလျှံက ရေးသားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly