အီရန်၏ ဒုံးပျံပစ်လွှတ်စမ်းသပ်မှုသည် တမင်တကာ ရန်စမှုဟု အမေရိကန် ပြင်းပြင်းထန်ထန်ဝေဖန်

အီရန်၏ ဒုံးပျံပစ်လွှတ်စမ်းသပ်မှုသည် တမင်တကာ ရန်စမှုဟု အမေရိကန် ပြင်းပြင်းထန်ထန်ဝေဖန်

၀ါရှင်တန်၊ ဇူလိုင် ၂၈ ။                       ။ ဂြိုလ်တုလွှတ်တင်ရန်အတွက် ဒုံးပျံပစ်လွှတ်စမ်းသပ်မှုကို ကြာသာပတေးနေ့က ပြုလုပ်ခဲ့သော အီရန်တို့၏လုပ် ရပ်သည် ဒေသတွင်းတည်ငြိမ်မှုကို လျော့ပါးစေပြီး ကုလသမဂ္ဂလုံခြံုရေးကောင်စီ၏ ကြားဝင်ဖြေရှင်းပေးနေမှုကို တမင်တကာ အနှောင့်အယှက်ပေးခြင်းဖြစ်ကြောင်း အမေရိကန်တို့ဘက်မှ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

“ သူတို့ဟာ တာဝေးပစ်ဒုံးပျံပစ်လွှတ်မှုကို ထပ်မံစမ်းသပ်သွားဦးမယ်လို့ ကျမတို့ထင်ပါတယ်” ဟု အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး ဟီသာနောအာ့တ်က သတင်းထောက် များအား ပြောခဲ့ပြီး “ သူတို့ရဲ့လုပ်ရပ်ဟာ တမင်တကာရန်စတဲ့လုပ်ရပ်လို့ ကျမတို့ယူဆပါတယ်” ဟု သူမက ထပ်လောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး နော်အာ့တ်က ယခုလိုစမ်းသပ်မှုသည် ကုလသမဂ္ဂလုံခြံုရေးကောင်စီ၏ ကြားဝင်ဖြေရှင်းပေးမှုကို အနှောင့်အယှက်ပေးနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အီရန်၏ နိုင်ငံတော်ရုပ်သံမှ ထုတ်လွှင့်ခဲ့သော ဗီဒီယိုမှတ်တမ်းများအရ ယခုလိုဒုံးပျံပစ်လွှတ်စမ်းသပ်မှုကို အင်မန်ခိုမိန်နီ အာကာသစင်တာမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အီရန်ဒဏ္ဍာရီ ပုံပြင်များထဲမှ ငှက်အမည်ဖြစ်သော Simorgh ဟု အဆိုပါဒုံးပျံကို အမည်ပေးထားပြီး ထိုဒုံးပျံသည် ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၅၀၀ အမြင့်ထိ ပျံတက်နိုင်ပြီး အလေးချိန် ၂၅၀ ကီလိုဂရမ်ရှိသော ဂြိုလ်တု တစ်လုံးကို သယ်ဆောင်နိုင်ကြောင်းလည်း သိရသည်။

အနောက်နိုင်ငံများက အီရန်နိုင်ငံသည် နျူကလီးယားထိပ်ဖူးများကို တပ်ဆင်နိုင်သော တာဝေးပစ်ဒုံးပျံများကို အဆင်မြှင့်တင်နိုင်မည့် နည်းပညာများကို စမ်းသပ်နေသည်ဟု သံသယရှိနေသော်လည်း ထိုစွပ်စွဲချက်များကို အီရန်နိုင်ငံက ငြင်းဆန်ခဲ့ပြီး အာကာသအစီအစဉ်များသည် ငြိမ်းချမ်းသော အစီအမံများသာဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အာဏာရရှိခဲ့သည့် လွန်ခဲ့သော ၆လခန့်ကတည်းက အမေရိကန်ပြည်ထောင် စုနှင့် အီရန်နိုင်ငံကြားတွင် တင်းမာမှုများ အဆမတန် မြင့်တက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly