ရုရှအပေါ် အရေးယူပိတ်ဆို့မယ့် မူကြမ်း အမေရိကန်အထက်လွှတ်တော် အတည်ပြု

ရုရှအပေါ် အရေးယူပိတ်ဆို့မယ့် မူကြမ်း အမေရိကန်အထက်လွှတ်တော် အတည်ပြု

ဇူလိုင် ၂၈ ။                   ။ ရုရှ၊ အီရန်နဲ့ မြောက်ကိုရီးယား တို့အပေါ် အရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ်မယ့် မူကြမ်းကို ယခုအခါ ဇူလိုင် ၂၇ ရက်က အမေရိကန် ဆိနိတ်လွှတ်တော်ကလည်း အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယင်းအတွက်ကြောင့် အဆိုပါ မူကြမ်းဟာ နောက်ဆုံးအဆင့်အနေနဲ့ သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ထိုးဖို့ပဲ ကျန်တော့ပြီ ဖြစ်ကာ ထရမ့်အနေနဲ့ ယင်းကို လက်ခံအတည်ပြုပေးမလား ဒါမှမဟုတ် ဗီတိုအာဏာသုံးပယ်ချမလားဆိုတာပဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

အဆိုပါ နိုင်ငံသုံးနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မယ့်အဆိုကိုတော့ ဆိနိတ်လွှတ်တော်မှာ ထောက်ခံမဲ ၉၈ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့ အတည်ပြုလိုက်နိုင်တာဖြစ်ပြီး ယင်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ကလည်း အောက်လွှတ်တော်မှာ အတည်ပြုချက်ရရှိထားပြီး ဖြစ်ပါတယ်။

ရုရှအပေါ် အရေးယူပိတ်ဆို့မယ့် ယခုအစီအစဉ်ကတော့ ပြီးခဲ့တဲ့ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲတုန်းက ကရင်မလင်ရဲ့ ခြေထိုးပါ၀င်မှုအတွက်ရော၊ ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကိုပါ ကျူးကျော်ထားခဲ့မှုကိုပါ ဒဏ်ခတ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

ယခု ပိတ်ဆို့ဒဏ်ခတ်မယ့် အရေးကြောင့် ရုရှနှင့်အကြား တင်းမာမှုတွေပိုမို မြင့်တက်လာဖို့ ရှိနေသလို တစ်ဘက်မှာလည်း သက်ဆိုင်ရာကုမ္ပဏီတွေပါ ရောပြီး ဒဏ်ခတ်ခံရမယ့်အရေးနဲ့ပတ်သက်လို့ ဥရောပနိုင်ငံတွေကလည်း စိုးရိမ်မှုတွေ မြင့်တက်နေလျက်ရှိပါတယ်။

ယခုလို ပိတ်ဆို့မှု မူကြမ်းကို လွှတ်တော်နှစ်ရပ်စလုံးမှာ တစ်ခဲနက်အတည်ပြုလိုက်နိုင်မှုအပေါ် ဆိနိတ်တာ ဂျွန်မက်ကိန်းကလည်း ချီးကျူးပြောဆိုသွားပါတယ်။

" ဆိနိတ်လွှတ်တော်မှာ အခုလို တစ်ခဲနက်အတည်ပြုပေးလိုက်တာကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အမေရိကန်အနေနဲ့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ နဲ့ အမျိုးသားလုံခြံုရေးကို ထိခိုက်လာမယ့်အရေးကို နည်းနည်းလေးမှ သည်းခံသွားဖို့မရှိဘူးဆိုတာကို ပြသပေးလိုက်တာပါပဲ" လို့ ၎င်းက ပြောဆိုသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly