သပိတ်မှောက်မှု အဆုံးသတ်ကာ ဗလီထဲ ပြန်ဝင်လာသည့် ပါလက်စတိုင်းများနှင့် အစ္စရေးရဲတို့ ထိပ်တိုက်တွေ့မှုဖြစ်

သပိတ်မှောက်မှု အဆုံးသတ်ကာ ဗလီထဲ ပြန်ဝင်လာသည့် ပါလက်စတိုင်းများနှင့် အစ္စရေးရဲတို့ ထိပ်တိုက်တွေ့မှုဖြစ်

ဂျေရုဆလင်၊ ဇူလိုင် ၂၈ ။              ။ အစ္စရေးတို့က လုံခြံုရေးတင်းကြပ်မှုသစ်များ ထားရှိခြင်းကြောင့် ဂျေရုဆလင်ရှိ အထွဋ်အမြတ်ထားသော ဗလီအတွင်း မဝင်ရောက်ဘဲနေခဲ့ကြသည့် သပိတ်မှောက်မှုကို အဆုံးသတ်အပြီး ပါလက်စတိုင်း  မွတ်စလင်ထောင်ပေါင်းများစွာ ဗလီအတွင်း ပြန်လည်ဝင်ရောက်ချိန်တွွင် အစ္စရေးရဲနှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့သည်။

မွတ်စလင်ဝတ်ပြုဆုတောင်းသူများ ဗလီထဲ ဝင်ရောက်ပြီးနောက် မကြာမီ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွွားခြင်းဖြစ်သည်ဟု မျက်မြင်သတင်းလိုက်သူ အေအက်ဖ်ပီသတင်းထောက်က ပြောသည်။

Haram al-Sharif ဗလီဝင်းအတွင်း ဖြစ်ပွားသော အဆိုပါ ထိပ်တိုက်တွေ့မှုတွင် နှစ်ဖက်စလုံးမှ လူ ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရကြောင်း ပါလက်စတိုင်းကြက်ခြေနီအဖွဲ့က ဆိုသည်။

ဝင်းအပြင်ဖက် တစ်နေရာတွင်လည်း အစ္စရေးရဲတစ်စု လူအုပ်အတွင်း လျှောက်သွားချိန်တွင် ပဋိပက္ခထိပ်တိုက်တွေ့မှု ပေါ်ပေါက်သည်။ ပါလက်စတိုင်းများက ပလတ်စတစ်ရေဘူးများဖြင့် ပစ်ဖောက်သလို အစ္စရေးရဲများက မူးမေ့စေသော လက်ပစ်ဗုံးများ ပစ်ခွဲကြသည်။

ရဲများကို ပါလက်စတိုင်းများက ကျောက်တုံးကျောက်ခဲများဖြင့် ပစ်ပေါက်ကြခြင်းဖြစ်ကြောင်း အစ္စရေးရဲက ပြောသည်။

“ဗလီဝင်းထဲ ဝတ်ပြုဆုတောင်းသူတွေ စဝင်သွားကြချိန်မှာပဲ အဲဒီမှာ တစ်ချို့တွေက ရဲတာဝန်ရှိသူတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်လာကြတာဖြစ်ပါတယ်။ တစ်ချို့ကျောက်တုံးကျောက်ခဲတွေက ဗလီဝင်းနားမှာရှိတဲ့ ဂျူးအမြင့်အမြတ်ထားရာ Western Wall ဆီထိ ကျရောက်ပါတယ်။”ဟု အစ္စရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ မြင့်မြတ်နယ်မြေအရပ်တွင် ဇူလိုင် ၁၄ ရက်က ရဲနှစ်ဦး သတ်ခံရပြီးနောက် အစ္စရေးက လုံခြံုရေးတင်းကြပ်ကာ ဗလီတွင် သတ္တုရှာဖွေရေး ကိရိယာများကို တပ်ဆင်ထားရှိခဲ့သည်။ ပါလက်စတိုင်းများဖက်က ထိုလုပ်ရပ်ကို လက်မခံခြင်းကြောင့် ဗလီထဲ ဝင်ရောက်ခြင်း မပြုဘဲ သပိတ်မှောက်ကာ အပြင်ဖက်မှာပင် ဝတ်ပြုဆုတောင်းခြင်းများ လုပ်ဆောင်ကြသည်။

သီတင်းနှစ်ပတ်ကြာပြီးနောက် အစ္စရေးတို့က သတ္တုရှာဖွေရေး ကိရိယာများကို ဗလီမှ ပြန်လည်ဖြုတ်သိမ်းလိုက်ရာ ဇူလိုင် ၂၇ ရက် နေ့လယ်ပိုင်းတွင် ဝတ်ပြုဆုတောင်းသူ ထောင်ပေါင်းများစွာ ဗလီထဲ ပြန်လည်ဝင်ရောက်ချိန်မှစကာ ယခုကဲ့သို့ ထိပ်တိုက်တွေ့မှု ဖြစ်ပွားခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly