မန္တလေး ။ ။ မြန်မာနိုင်ငံအနှံအပြားတွင် H1N1 တုပ်ကွေးရောဂါဖြစ်ပွားမှုများကို စိုးရိမ်လျက်ရှိသည့် အချိန်ကာလတွင် လူသိန်းချီလာရောက်တတ်သော တောင်ပြံုးပွဲကြီး ကျင်းပတော့မည်ဖြစ်ရာ ဒေသခံပြည်သူများ စိုးရိမ်မှုနည်းစေရေးနှင့်လာရောက်သူများ သတိထားလိုက်နာနိုင်ရန် တိုင်းကျန်းမာရေးဦးစီးဌာနအနေဖြင့် ပွဲတော်တွင် H1N1 အသိပညာရေး ဗီနိုင်း၊ ပိုစတာဖြင့် အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
'' တောင်ပြံုးပွဲက နှစ်စဉ်ကျင်းပနေတဲ့ ပွဲတစ်ခုပါ၊ ပိတ်ပင်လို့ မရပါဘူး၊ လာတဲ့ လူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း ရှောင်ရမယ် လိုက်နာဖို့လိုပါတယ်၊ လူထူထပ်သော နေရာများ ရှောင်ရမှာပါ။ ပြည်သူလူထုအနေနဲ့ ဒီလိုဖြစ်နေတဲ့အချိန်ကာလမှ ရှောင်နိုင်ရင် ပိုကောင်းပါတယ်၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ တောင်ပြုန်းပွဲကို ပိတ်ဖို့ အစီအစဉ်မရှိဘူး '' ဟု မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီဌာနမှူး ဒေါတ်တာ သန်းသန်းမြင့်က ပြောသည်။
နှစ်စဉ် ကျင်းပလျက်ရှိသည့် တောင်ပြံုးပွဲတော်ကို မတ္တရာမြို့နယ် တောင်ပြုန်းကြီးကျေးရွာတွင် ဇူလိုင်လ (၃၁)ရက် မှ သြဂုတ်လ (၇)ရက်နေ့အထိ(၈)ရက်ကြာ ကျင်းပမည်ဖြစ်ပြီး တောင်ပြံုးပွဲတော်သို့ နှစ်စဉ် မြန်မာနိုင်ငံတစ်ဝှမ်းမှ ပွဲတော်ကာလ တစ်ရက်လျှင် သိန်းချီလာရောက်ဆင်နွှဲလေ့ရှိသဖြင့် လူထူထပ်သော နေရာဖြစ်သောကြောင့် လာရောက်သူတိုင်း ကျန်းမာရေးအသိရှိဖို့ လိုအပ်ခြင်းဖြစ်သည်။
'' တောင်ပြံုးပွဲလာ ပြည်သူတွေအနေနဲ့ နှာခေါင်းစည်း တပ်သွားတာဖြစ်ဖြစ် ကိုယ်အသိစိတ်ဓာတ်နဲ့ကိုယ် လုပ်ဆောင်ရမှာပါ၊ ဌာနအနေနဲ့ နှာခေါင်းစည်းတွေ ဝေဖို့ အစီအစဉ်မရှိပါဘူး၊ ဒါပေမယ် ့ H1N1 နဲ့ ပတ်သက်ပြီး အသိပေး ပိုစတာတွေ ဗီနိုင်းတွေ ထောင်ပြီး အသိပေးသွားဖို့ စီစဉ်နေပါတယ် '' ဟု မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီဌာနမှူး ဒေါက်တာ သန်းသန်းမြင့်က ပြောကြားသည်။
တောင်ပြံုးပွဲတော်သည် ခေတ်အဆက်ဆက် အခက်အခဲများရှိခဲ့သော်လည်း ယနေ့အထိ နှစ်စဉ်မပျက် ကျင်းပလာသည့် ရိုးရာဓလေ့ ပွဲတော် ဖြစ်၍ ရက်ရွှေ့ကျင်းပရန် မဖြစ်နိုင်ကြောင်း၊ မည်သည့်အကြောင်း ကြောင်းနဲ့မှ ပွဲတော်ကို ရက်ရွှေ့ကျင်းပမရကြောင်း တောင်ပြံုးပွဲတော် ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများက ပြောသည်။
တောင်ပြံုးပွဲတော်သို့ လာရောက်မည့် ပြည်သူများအနေဖြင့် ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်နည်းများအတိုင်း တိတိကျကျ လိုက်နာရန် လိုအပ်ကြောင်း သိရသည်။