ကိုရီးယားစစ်ပွဲပြီးဆုံးခြင်းအထိမ်းအမှတ် Victory Day အခမ်းအနား မြောက်ကိုရီးယားမှာ ပြုလုပ်

ကိုရီးယားစစ်ပွဲပြီးဆုံးခြင်းအထိမ်းအမှတ် Victory Day အခမ်းအနား မြောက်ကိုရီးယားမှာ ပြုလုပ်

ဇူလိုင် ၂၇ ။          ။ ကိုရီးယားစစ်ပွဲပြီးဆုံးတဲ့နေ့ရက် အထိမ်းအမှတ် Victory Day အခမ်းအနားကို ဇူလိုင်လ ၂၇ ရက်က မြောက်ကိုရီးယားမှာ ပုံမှန်အတိုင်း ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ယင်းအခမ်းအနားမှာတော့ မြောက်ကိုရီးယား နိုင်ငံသားတွေဟာ မိုးထဲရေထဲမှာပဲ တည်ထောင်သူခေါင်းဆောင်ကြီး ကင်မ်အီဆွန်းနဲ့ သားဖြစ်သူတို့ရဲ့ ရုပ်တုရှေ့မှာ လာရောက်ဂါရဝပြုကြတာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ယခုလို အထိမ်းအမှတ်နေ့အခမ်းအနားနဲ့ တိုက်ပြီး ပြံုယမ်းအာဏာပိုင်တွေဘက်က ဒုံးကျည်ပစ်လွှတ်မှုတွေ လုပ်ဆောင်လာနိုင်တယ်ဆိုပြီးတော့လည်း အမေရိကန်နဲ့   တောင်ကိုရီးယား   ထောက်လှမ်းရေးတွေက စောင့်ကြည့်နေလျက်ရှိပါတယ်။

ယင်းနိုင်ငံအစိုးရအနေနဲ့ ပြီးခဲ့တဲ့လကပဲ တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ သိရပြီး ကျွမ်းကျင်သူတွေရဲ့အဆိုအရ ယင်းဒုံးဟာ အမေရိကန်ရဲ့ အလက်စကာ ဒါမှမဟုတ် ဟာဝိုင်ရီအထိတောင် ရောက်နိုင်စွမ်းရှိတယ်လို့ ခန့်မှန်းပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း ဇူလိုင် ၂၇ နှောင်းပိုင်းရောက်လာတဲ့အထိ မည်သည့် ဒုံးစမ်းသပ်မှုမျိုးမှ လုပ်ဆောင်လာခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

၁၉၅၃ ဇူလိုင် ၂၇ ရက်မှာ အဆုံးသတ်သွားခဲ့တဲ့ ကိုရီးယားစစ်ပွဲကြောင့် ပြည်သူအများအပြား အတိဒုက္ခရောက်ခဲ့ကြရသလို ယခုအချိန်ထိလည်း ကွဲကွာသွားတဲ့ ဆွေမျိုးတွေအကြား ပြန်လည်ဆုံတွေ့နိုင်ရေး ခက်ခဲနေရလျက်ရှိနေပါတယ်။

" ဒီစစ်ပွဲမှာတုန်းက အမေရိကန် နယ်ချဲ့တွေရဲ့လက်ချက်ကြောင့် ကျွန်တော်တို့ကိုရီးယားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြရပါတယ်၊ ကျွန်တော့်မိဘတွေတောင်မှ ဒီစစ်ကြီးထဲမှာအသတ်ခံခဲ့ရတာပါ၊ ဒါကြောင့် ဒီအမေရိကန်နယ်ချဲ့တွေကို ပြန်လက်စားချေဖို့ ကျွန်တော်တို့ရဲ့ မျိုးဆက်တွေကိုလည်း သွန်သင်ရပါမယ်" ဆိုပြီး ယင်း Victory Day အခမ်းအနားတက်ရောက်လာသူ   မြောက်ကိုရီးယားနိုင်ငံသား တစ်ဦးဖြစ်တဲ့ Hong Yong-Dok က ပြောသွားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly