ချယ်လ်ဆီးအသင်းသည် နည်းပြမော်ရင်ဟိုကို ပေါင်သန်း ၃၀ တန်ကြေးရှိ လေးနှစ်သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်သည်။
ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်နှင့် ကက်ပီတယ်ဝမ်းဖလားရရှိခဲ့ပြီး ရာသီအဖွင့်ပွဲတွင် ဆွမ်ဆီးနှင့်ရင်ဆိုင်ရမည့် ချယ်လ်ဆီးအသင်းသည် မော်ရင်ဟိုကို ၂၀၁၉ အထိအသင်းတွင် ဆက်ရှိနေစေရန် စာချုပ်သက်တမ်းတိုးလိုက်ခြင်းဖြစ်သည်။
အသက် ၅၂ နှစ်အရွယ်ရှိမော်ရင်ဟိုက "အသင်းကပျော်တယ်ဆိုရင် ကျွန်တော်လည်းပျော်ပါတယ်။ စာချုပ်သက်တမ်းတိုးတယ်ဆိုတာ ကျွန်တော့်အတွက်တော့ ပုံမှန်အကြောင်းအရာတစ်ခုပါ။ အခုလိုရှေ့ ဆက်ခွင့်ရတာအရေးပါပြီး ပရိသတ်တွေတွက်၊ ကစားသမားတွေနဲ့ အသင်းအတွက် အနာဂါတ်မှာပိုအောင်မြင်နိုင်ဖို့ မျှော်လင့်ပါတယ်။
အသင်းကိုကျွန်တော်ပြန်လာတုန်းကပြောခဲ့တဲ့ ဒီအသင်းအတွက်အထူးခံ စားချက်ကလည်း မပြောင်းလဲပါဘူး။ ဒီအသင်းက ကျွန်တော်နဲ့ရင်ဘတ်ချင်းနီးတဲ့အသင်းဖြစ်ပြီး ဒီမှာအကြာကြီးဆက်နေ ရမယ်ဆို တဲ့အသိက ပီတိဖြစ်စေပါတယ်"ဟု ချယ်လ်ဆီးဝက်ဘ်ဆိုက်သို့ပြောသည်။
မော်ရင်ဟိုအနေဖြင့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း နောက်တန်းကိုပြင်ဆင်ရန်လိုအပ်ကြောင်းဖိအားပေးခံရပြီး ချန်ပီယံဆုကို လက်လွှတ်ရလုနီးပါးဖြစ်နိုင်သည်ဟု ဝန်ခံခဲ့အပြီးတွင် စာချုပ်သက် တမ်းတိုးသည့် သတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ကစားသမားအင်အားဖြည့်လိမ့်မည်ဟု မျှော်လင့်ခံခဲ့ရသော်လည်း ယမန်နှစ်ကချန်ပီယံဖြစ်ခဲ့သည့်အသင်းကို အပြောင်းအလဲကြီးကြီးမားမားပြုလုပ်ထားခြင်းမရှိဘဲ ပီတာချက် ၏နေရာတွင် ဘီဂိုဗစ်၊ ဒရော့ဘာ၏နေရာတွင် ဖယ်လ်ကာအိုတို့ကိုသာ ခေါ်ယူ ထားသည်။
မော်ရင်ဟိုသည် နောက်တန်းတွင် ဂျွန်စတုန်းကိုခေါ်ယူလိုသော်လည်း အသက် ၂၁ နှစ်အရွယ်ရှိယင်းကစားသမားကို အဲဗာတန်အသင်းက ဆက်ထိန်းထားရန် ကြိုးပမ်းနေသည်။
Ref; Daily Mail