အာဏာရှင်မားကို့စ် မတရားရယူသွားသော ဓနဥစ္စာများ ပြန်ဖော်ထုတ်သည့် အေဂျင်စီကို ဖိလစ်ပိုင် ဖျက်သိမ်းမည်

အာဏာရှင်မားကို့စ် မတရားရယူသွားသော ဓနဥစ္စာများ ပြန်ဖော်ထုတ်သည့် အေဂျင်စီကို ဖိလစ်ပိုင် ဖျက်သိမ်းမည်

မနီလာ၊ ဇူလိုင် ၂၆ ။            ။ အာဏာရှင်ဟောင်း မားကို့စ်နှင့် အပေါင်းပါများ မတရားရယူသွားသော အမေရိကန်ဒေါ်လာ ဘီလီယံများစွာတန်ကြေးရှိ ပစ္စည်းဥစ္စာများ ပြန်လည်ဖော်ထုတ်ရေး အေဂျင်စီကို ဖျက်သိမ်းရန် ဖိလစ်ပိုင်သမ္မတ ဒူတာတေးအစိုးရက အစီအစဉ်ရှိနေသည်ဟု ကက်ဘိနက်အဖွဲ့ဝင်တစ်ဦးက ဇူလိုင် ၂၆ ရက်တွင် ပြောသည်။

မားကို့စ်မိသားစု၏ လူရင်း ဒူတာတေးက ပြီးခဲ့သည့်နှစ် သမ္မတဖြစ်ချိန်မှစကာ အာဏာရှင် မားကို့စ် ဆွေမျိုးအသိုင်းအဝိုင်းနှင့် တစ်မူထူးသော နိုင်ငံရေး ရင်ကြားစေ့ရေးကို အရှိန်မြှင့် လုပ်ဆောင်နေရာတွင် အစိုးရကက်ဘိနက်အဖွဲ့ဝင်တစ်ဦး၏ ယခုထုတ်ဖော်ကြေညာချက်မှာ ရှေ့တိုးခြေလှမ်းတစ်ရပ်ပင် ဖြစ်သည်။

အဆိုပါ အေဂျင်စီဖြစ်သော သမ္မတရုံးဆိုင်ရာ ကောင်းမွန်သောအစိုးရ ကော်မရှင်အဖွဲ့ PCGG ကို တစ်စစီ ဖျက်သိမ်းရန် အစီအစဉ်ရှိထားကြောင်း သတင်းထောက်များအား ပြောဆိုရာ၌ ဘတ်ဂျက်ရေးရာဝန်ကြီး ဘန်ဂျာမင် ဒိုင်ယောက်နိုးက " မားကို့စ်တို့က ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ သူတို့ ဘာတွေများ လုပ်ခဲ့လို့လဲ။"ဟု ပြောဆိုခဲ့သည်။

"ပြည်သူ့အင်အား" ပုန်ကန်ထကြွမှုဖြင့်မားကို့စ်အား ဖြုတ်ချလိုက်ပြီးနောက် လွန်ခဲ့သော ဆယ်စုနှစ် သုံးခုကျော်တွင် PCGG အေဂျင်စီအဖွဲ့အား စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မားကို့စ်၏ နှစ်နှစ်ဆယ်ကျော် အုပ်ချုပ်ချိန်ကာလအတွင်း အကျင့်ပျက်ခြစားမှုနှင့် အလွဲသုံးစားမှုများ ဒင်းကြမ်းဆိုးဝါးခဲ့ပြီး အာဏာရှင်မားကို့စ်နှင့် အပေါင်းပါများ ခေတ်ပျက်သူဌေးဖြစ် မတရားရှာကြံရယူသွားသော ခန့်မှန်း အမေရိကန်ဒေါ်လာ တစ်ဆယ်ဘီလီယံတန် ဓနဥစ္စာစည်းစိမ်များ ပြန်လည်ဖော်ထုတ်ရေးအတွက် PCGG အေဂျင်စီကို ဖွဲ့စည်းခဲ့ခြင်းပင် ဖြစ်သည်။

ဖွဲ့စည်းပြီးချိန်မှစကာ ယင်းအေဂျင်စီသည် မားကို့စ်တို့ မတရားရယူထားသည့် ဓနဥစ္စာ ပီဆို ၁၇၀ ဘီလီယံ သို့မဟုတ် ဒေါ်လာ ၃ ဒဿမ ၄ ဘီလီယံအပြင် ကျောက်မျက်ရတနာများ၊ အနုပညာတန်ဖိုးကြီး ပန်းချီကားများနှင့် အခြားပိုင်ဆိုင်မှုများကို ပြန်လည်ဖော်ထုတ်နိုင်ခဲ့သည်။

သို့သော် PCGG အနေဖြင့် မားကို့စ်မိသားစု ဝယ်ယူပိုင်ဆိုင်ထားသည်ဟု သတင်းထွက်ပေါ်ထားသော ဂန္ဓာဝင်ပန်းချီပညာရှင် မိုက်ကယ်အိန်ဂျလို၏ ပန်းချီကားများအပါအဝင် ပစ္စည်းဥစ္စာ ဒေါ်လာ သန်းပေါင်းများစွာ ထပ်၍ဖော်ထုတ်နိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်နေတုန်းအချိန်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly