ရခိုင်ပြည်နယ် မ.ဘ.သ ဆိုင်းဘုတ် ဖြုတ်ချမည် မဟုတ်ဟုဆို

ရခိုင်ပြည်နယ် မ.ဘ.သ ဆိုင်းဘုတ် ဖြုတ်ချမည် မဟုတ်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၆ ။             ။ ရခိုင်ပြည် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) အနေဖြင့် တပ်ဆင်ထားသော ဆိုင်းဘုတ် များကို ဖြုတ်ချမည် မဟုတ်ဟု သံတွဲ -မ.ဘ.သ ဥက္ကဋ္ဌ ဆရာတော်ဦးတေဇိန္ဒက ယနေ့ ဇူလိုင်လ ၂၆ ရက်တွင် မိန့်ကြားသည်။

သို့သော် သက်ဆိုင်ရာ အာဏာပိုင်များက မ.ဘ.သ ဆိုင်းဘုတ်ကို လာရောက်ဖြုတ်ပါက မေတ္တာတရား လက်ကိုင်ထားကာ ပြန်လည်တုန့်ပြန်မည်မဟုတ်ဟု သံတွဲ - မ.ဘ.သဥက္ကဋ္ဌ ဆရာတော်က မိန့်သည်။

“ (မ.ဘ.သ) ကာကွယ်ခြင်းစောင့်ရှောင့်ခြင်းဆိုတာ သူတပါးရဲ့သာသနာကို ကျူးကျော်မှုတိုက်ခိုက်မှု မရှိတဲ့အတွက်ကြောင့်၊ ပါတီနိုင်ငံရေး အဖွဲ့အစည်းလည်း မဟုတ်တဲ့အတွက်ကြောင့် ဒီနာမည်ကိုပဲ ဆက်လက်သုံးမှာပေါ့နော်။ မ.ဘ.သ ဆိုင်းဘုတ်တွေ သူတို့ဖြုတ်မယ်ဆိုရင် ဖြုတ်မယ့် အဖွဲ့အစည်း တွေ အကုန်လုံးကိုမှတ်တမ်းတင်ပြီးတော့ ဦးဇင်းတို့ သံဃာတွေရဲ့ဆုံးဖြတ်ချက်နဲ့ ဘာလုပ်သင့်တယ် ဆိုတာထုတ်ပြန်မှာပေါ့ “ဟု ဆရာတော် ဦးတေဇိန္ဒက မိန့်ကြားထားသည်။

“မ.ဘ.သ အဖွဲ့ဆိုင်းဘုတ်များကို (၅.၇.၂၀၁၇) ရက် နောက်ဆုံးထား၍ အပြီးအပိုင်ဖြုတ်သိမ်းပေးရန်" သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာ ယကအဖွဲ့ (၄၇) ပါးစုံညီအစည်းအဝေးက မေလ ၂၃ရက်တွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး မ.ဘ.သနှင့် ကရင်ပြည်နယ် မ.ဘ.သ တို့အနေဖြင့် မ.ဘ.သ နာမည်ဆက်လက်အသုံးပြုမည်ဖြစ်ပြီး မဟန ၏ ဆုံးဖြတ်ချက်ကိုလည်း မလိုက်နာနိုင်ကြောင်း အတိအလင်း ကြေညာထားပြီးနောက် ယခု သံတွဲ မ.ဘ.သ မှ ထပ်မံပြောဆိုလာခြင်းဖြစ်သည်။

အဆိုပါပြောကြားချက်အပေါ် သာသနာရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးအာင်ဆန်းဝင်းက ၎င်းအနေဖြင့် မသိရှိသေးကြောင်း မဇ္ဈိမသို့ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly