လောင်စာဆီသူခိုးဂိုဏ်းအား မက္ကစီကိုလုံခြံုရေးတပ်ဖွဲ့များ ဖမ်းဆီးရာ၌ ငါးဦးခန့်သေဆုံး

လောင်စာဆီသူခိုးဂိုဏ်းအား မက္ကစီကိုလုံခြံုရေးတပ်ဖွဲ့များ ဖမ်းဆီးရာ၌ ငါးဦးခန့်သေဆုံး

ပွေဘလာ၊ မက္ကစီကို ဇူလိုင် ၂၅ ။                 ။ မက္ကစီကိုလုံခြံုရေးတပ်ဖွဲ့များသည် တနင်္လာနေ့က လောင်စာဆီသူခိုးဂိုဏ်းအား ၀င်ရောက်ဖမ်းဆီးရာ၌ ဂိုဏ်းသားငါးဦးခန့် သေဆုံးခဲ့သော်လည်း ဂိုဏ်းခေါင်းဆောင်ကိုမူ လက်ရဖမ်းဆီးနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ယခုအခါ မက္ကစီကိုမရိန်းတပ်သားများသည် ပွေဘလာပြည်နယ်အလယ်ပိုင်း၌ ရေနံပိုက်လိုင်းများကို ခိုးယူခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းတို့ကို ကျူးလွန်လျက်ရှိသော ဂိုဏ်းတစ်ဂိုဏ်း၏ ခေါင်းဆောင် ဖြစ်သူ ရောဘတ်တိုဒီလော့စ်ဆန်းတို့စ်ဒီဂျီးဆပ်အား လိုက်လံရှာဖွေနေကြသည်။

အက်စ်ပါရန်ဇာမြို့ရှိ လုံခြံုသောနေအိမ်တစ်ခု၌ ဒီလော့စ်ဆန်းတို့စ် ပုန်းခိုနေကြောင်း စုံစမ်းစစ်ဆေးသူများက သတင်းပေးပို့ခဲ့သောကြောင့် လုံခြံုရေးတပ်ဖွဲ့များက မနက်ဝေလီဝေလင်းအချိန်တွင် ၀င်ရောက်ဖမ်းဆီးရာ၌ ယခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မရိန်းတပ်သားများက ဦးဆောင်သော အဆိုပါစစ်ဆင်ရေးအတွင်း ဂိုဏ်းသားငါးဦး သေဆုံးခဲ့ကြောင်း ပြည်နယ် အစိုးရရှေ့နေရုံးမှ တွစ်တာမှတဆင့် အတည်ပြုခဲ့သည်။ သို့သော်လည်း သေဆုံးသူများထဲ၌  ဒီလော့စ်ဆန်းတို့စ် မပါ၀င်ကြောင်း အစိုးရရှေ့နေရုံးမှ ဆက်လက်ပြောကြားခဲ့သည်။

ထိုဂိုဏ်းခေါင်းဆောင်ကို ပွေဘလာပြည်နယ်ရှိတောင်တန်းများ၌ လွန်ခဲ့သော သောကြာနေ့ကတည်းက ပစ်မှတ်ထား၍ ဖမ်းဆီးရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ မရိန်းတပ်သားတစ်ဦးနှင့် ဂိုဏ်းသားလေးဦး ခန့်သာ သေဆုံးခဲ့ရသည်။

ပွေဘလာအုပ်ချုပ်ရေးမှူးဖြစ်သူ အန်တိုနီယိုဂါလီဖေယက်က ဒီလော့စ်ဆန်းတို့စ်ကို လက်ရဖမ်းဆီးနိုင်ရေးမှာ နိုင်ငံတော်ဦးစားပေး တာဝန်တစ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မက္ကစီကိုအလယ်ပိုင်းရှိ ရာဇဝတ်သားများသည် နိုင်ငံတော်ပိုင် Pemex ရေနံကုမ္ပဏီမှ ပိုက်လိုင်းများကို ခိုးယူနေ ကြပြီး အမြတ်ထုတ်လျက်ရှိသည်။ မကြာသေးခင်နှစ်များအတွင်း ထိုသူခိုးဂိုဏ်းများကြောင့် ရေနံကုမ္ပဏီသည် ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၂.၄ဘီလျံခန့် ဆုံးရှုံးနစ်နာခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly