ပခုက္ကူ၊ ဇူလိုင် ၂၄ ။ ။ ပခုက္ကူမြို့နယ် ဆိက္ခဝအုပ်စု အနောက်သီရီကျေးရွာတွင် ဧရာဝတီမြစ်တိုက်စားမှုကြောင့် ပြည်သူများ အနေဖြင့် ကမ်းပါးပြိုသည့် ဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေကြရသည်။
မြစ်ရေတိုက်စားမှုကြောင့် ရွာဦးတွင်တည်ထားသည့် စေတီတစ်ဆူ ဇူလိုင်လ ၂၀ရက်နေ့ ညနေပိုင်းက မြစ်ကမ်းပါးအတွင်း ပြိုကျသွားခဲ့သည်ဟု သိရသည်။
"ကမ်းပါးက ဒီနှစ်မှာ အရမ်းပြိုလာတယ်။စေတီကို ကမ်းပါးပြိုတဲ့အထဲပါသွားမှာ စိုးရိမ်ရလို့ ရေကာတာတွေနဲ့ ကာကွယ်ထားပေမယ့် မတတ်နိုင်ခဲ့ဘူး"ဒေသခံ ရွာသား ဦးအောင်မြင့်က ဆိုသည်။
ပြိုကျခဲ့သည့် စေတီတော်သည် ဉာဏ်တော်အမြင့် ၄၀ပေ စေတီပရဝဏ် ၆၀ပေရှိပြီး ၂၀၁၄ခုနှစ်က တည်ထားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။
အဆိုပါစေတီပြိုကျသည့် ဗီဒီယိုတစ်ခု အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီး ပြိုကျမှုမှာ ယခုနှစ်ဖြစ်ပြီး ဟုတ်မှန်ကြောင်းရွာသားများထံက သိရသည်။
"အခုတော့ ဘုန်းကြီးကျောင်းနဲ့ကမ်းပါးနဲ့က နီးလာလို့ ကျေးရွာက ရေကာတာတွေရိုက်ပြီး ဆက်လက်ကာကွယ်နေရတယ်။အဓိက ကတော့ ရေကာတာတွေ ရိုက်နေရတယ်။ပြီးတော့ လှိုင်းပုတ်တဲ့ဒဏ်ခံနိုင်အောင် သစ်ပင်ခုတ်ပြီး ကာကွယ်နေကြရတယ်"၎င်းက ဆိုသည်။
ယခင်နှစ်က ကမ်းပါးပြိုကျမှုကြောင့် အနောက်သီရီကျေးရွာတွင် လူနေအိမ် ၅၀ ဝန်းကျင်ရွှေ့ပြောင်းခဲ့ရပြီး ယခုနှစ်တွင် လူနေအိမ် ၅ အိမ်ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
အဆိုပါ အနောက်သီရီကျေးရွာ အနေဖြင့် ပခုက္ကူမြို့နယ်နှင့် ပုဂံမြို့တို့၏ တစ်ဖက်ကမ်း ရေလယ်ကျွန်းပေါ်တွင် တည်ရှိနေသည့် ကျေးရွာဖြစ်သည်။