ကချင်ပြည်နယ်၊ မိုးမောက်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ပြည်သူ့စစ်ဗိုလ်မှူးတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ မိုးမောက်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ပြည်သူ့စစ်ဗိုလ်မှူးတစ်ဦး သေဆုံး
ဓာတ်ပုံ - ဦးနေဝင်း(မိုးမောက်)

ရန်ကုန်၊ ဇူလိုင်လ ၂၂ ။                  ။ ကချင်ပြည်နယ်၊ မိုးမောက်မြို့စျေး၊ ဗန်းမော် - မြစ်ကြီးနားကားလမ်း အရှေ့ဘက်ခြမ်းရှိ လက်ဖက်ရည်ဆိုင်တစ် ဆိုင် ရှေ့တွင် ယနေ့ ဇူလိုင်လ ၂၂ ရက်၊ နံနက် ၉ နာရီ၊ ၁ဝ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဗိုလ်မှူးတစ်ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မိုးမောက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက မဇ္စျိမသို့ အတည်ပြု ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့့် လဝါယန်ဌာနေ ပြည်သူ့စစ်မှ ဗိုလ်မှူးနော်ဆန်းမှာ ဦးခေါင်းနောက်ပိုင်းနှင့် ခါး ပြင်းထန်ထိခိုက်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားနေရာ၌ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၄ ဦးအနက် တစ်ဦးမှာလည်း ခန္ဓာကိုယ်ညာဘက်တစ်ခြမ်း ပြင်းထန်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဦးနေဝင်းက ပြောသည်။

“ ဗိုလ်မှူးနော်ဆန်းက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ပြီးတော့ အိမ်ကိုပြန်မယ်ဆိုပြီး သူကားနား ကို ကပ်သွားတဲ့အချိန်မှာ ပေါက်ကွဲသွားတယ်ပေါ့နော်။ ဗိုလ်မှူးနော်ဆန်းက ဆုံးသွားရှာပါပြီ။ ကျွန်တော်တို့ မြင် ရတဲ့ မြင်ကွင်းအရတော့ သွေးတွေအရမ်းထွက်နေတယ်။ ဦးခေါင်းနောက်ပိုင်းမှာနဲ့ ခါးမှာပေါ့နော်။ ဒဏ်ရာပြင်း သွားတာပေါ့။ ပေါက်ကွဲတာက မြင်တဲ့သူပြောစကားအရ ဗိုလ်မှူးက အိမ်ပြန်တော့မယ်၊ ကားပေါ်တက်တော့ မယ်ဆိုတဲ့ အချိန်မှာ ဒုန်းဆိုပြီး ထပေါက်ကွဲတာပေါ့။ ပေါက်ကွဲတဲ့ဒဏ်ကြောင့် လက်ဖက်ရည်ဆိုင်ဘေးမှာ ကွမ်းယာရောင်းတဲ့ ကလေးတစ်ဦးကတော့ ညာဘက်ခြမ်းတစ်ခုလုံး တော်တော်ပြင်းတဲ့ဒဏ်ရာတွေရသွားတယ်။ နောက်သုံးဦးမှာလည်း လက်မောင်းနဲ့ ခြေသလုံးတွေမှာ မန်ကျည်းစေ့လောက်အစတွေဝင်သွားတာပေါ့” ဟု ဦးနေဝင်းက ပြောပြသည်။

ဗုံးပေါက်ကွဲမှုကြောင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့သူ ကွမ်းယာဆိုင်မှ အမျိုးသားငယ်ကို ဗန်းမော်ဆေးရုံသို့ အချိန်မှီပို့ဆောင်ခဲ့သဖြင့် ၈ဝ ရာခိုင်နှုန်းထိ အခြေအနေကောင်းမွန်နေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ လက်ဖက်ရည်ဆိုင်ရှေ့ရပ်ထားသည့် ဆိုင်ကယ်တစ်စီး အတွင်းမှ ပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း ကနဦးယူဆရပြီး ဆိုင်ကယ်တစ်စီးမှာ သုံးပိုင်းခန့် တစ်စစီ ပျက်စီးသွားခဲ့ပြီး စုစုပေါင်း ဆိုင်ကယ် ၄ စီးခန့် ပျက်စီးသွားကြောင်း ဦးနေဝင်းက ဆိုသည်။

“ အခုတော့ သက်ဆိုင်ရာ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူတွေကတော့ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စုံစမ်း နေကြပါတယ်။ ပြောချင်တာကတော့ ဒီကားနားမှာ ဆိုင်ကယ် လာရပ်တယ်ဆိုတာကို ဘယ်သူမြင်လဲ၊ ဘယ်သူ လာရပ်ထားလဲဆိုတာတွေ စုံစမ်းစစ်ဆေးနေပါတယ်”ဟု ၄င်းက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုမှာ မိုးမောက်မြို့စျေးဖွင့်သည့်အချိန်တွင် ဖြစ်ပွားခဲ့သည့်အတွက် ထိုသို့ထပ်မံမဖြစ်ပွား စေရေးအတွက် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူဝန်ထမ်းများက အချိန်မီ ရှင်းလင်းရေး များဆောင်ရွက် ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required