ကက်ရှ်မီးယား၊ ဇူလိုင် ၂၂ ။ ။ အိန္ဒိယ ထိန်းချုပ်သော ကက်ရှ်မီးယားဒေသတွင် ဇူလိုင် ၂၁ ရက်က ကျောက်ခဲများဖြင့် ပစ်ပေါက်ကြသည့် ဆန္ဒပြအုပ်စုကို အိန္ဒိယစစ်တပ်က ပစ်ခတ်ရာမှ လူငယ်တစ်ဦး သေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရကြောင်း ရဲက ပြောသည်။
ခွဲထွက်ရေးအကြီးတန်းခေါင်းဆောင်များက အိန္ဒိယ၏ အုပ်ချုပ်မှုကို ဆန့်ကျင်ကန့်ကွက်ရန် နှိုးဆော်လိုက်ရာမှ ဘီယာဝတ်ရှ်မြို့တွင် လူစုရုံး ဆန္ဒပြလာကြခြင်းဖြစ်သည်။
ဗျောက်အိုး ပေါက်ကွဲသည်ကို လက်ပစ်ဗုံးပေါက်ကွဲသည် ထင်ပြီး စစ်သားများက ပြန်လည်ပစ်ခတ်မိခြင်းဖြစ်ကြောင်း ရဲဌာနက ပြောသည်။
“ဆန္ဒပြအုပ်စုထဲက တစ်ယောက်ယောက်က စစ်သားတွေထဲ ဗျောက်အိုး ပစ်သွင်းလိုက်တာ ဖြစ်ပါတယ်။ ဒီဗျောက်အိုး ပေါက်ကွဲတာကို လက်ပစ်ဗုံးထင်ပြီး တုံ့ပြန်ပစ်ခတ်မိကြတာဖြစ်ပါတယ်။”ဟု ရဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မကြာသေးမီက အရပ်သားများ သေဆုံးခြင်းနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒါဇင်များစွာကို ဖမ်းဆီးခြင်းတို့အား ဆန့်ကျင်ဆန္ဒပြရေးအတွက် ခွဲထွက်ရေးသမားများက ကုလသမဂ္ဂ စစ်ရေးစောင့်ကြည့်ရေးအဖွဲ့ရုံးသို့ ချီတက်ရန် လှုံ့ဆော်ထားသည့် သီရိနာဂါမြို့အတွင်း နေရာအစိတ်အပိုင်းတော်တော်များများတွင် အာဏာပိုင်များက ကာဖျူးမိန့် ထုတ်ထားသည်။
၁၉၄၇ ခုနှစ် ဗြိတိသျှ အုပ်ချုပ်ရေး အဆုံးသတ်ပြီးချိန်မှ စကာ ကက်ရှ်မီးယားဒေသကို အိန္ဒိယနှင့် ပါကစ္စတန်ကြား ခွဲခြမ်းထားခြင်း ဖြစ်သော်လည်း ဟိမဝန္တာဒေသအား အပြည့်အဝပိုင်ဆိုင်သည်ဟု နှစ်နိုင်ငံစလုံးက အငြင်းပွားလျက်ရှိနေသည်။