ဇူလိုင် ၁၈ ။ ။ အကျင့်ပျက်ခြစားမှု ကိစ္စတစ်ခုတွင် လွှတ်တော်ဥက္ကဌကိုယ်တိုင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိရကြောင်း အင်ဒိုနီးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ကြေညာလိုက်သည်။
ယင်းနိုင်ငံတွင် အစိုးရဘဏ္ဍာများထဲမှ ဒေါ်လာ သန်း ၁၇၀ ခန့် စာရင်းဖြောင်ထားသည့် ခြစားမှုကိစ္စတစ်ခုကို အေဂျင်စီက စုံစမ်းစစ်ဆေးနေခြင်းဖြစ်ပြီး ယခုအခါ အောက်လွှတ်တော်ဥက္ကဌ Setya Novanto အား ယင်းကိစ္စတွင် အဓိက သံသယရှိသူတစ်ဦးအဖြစ် ဇူလိုင် ၁၇ ရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
အလားတူ ယခု ခြစားမှု ဖြစ်စဉ်တွင် လွှတ်တော်ဥက္ကဌအပြင် တရားရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး များအပါအဝင် ရာထူးကြီး ပုဂ္ဂိုလ်များလည်း ပါဝင်ပတ်သက်နေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။
" လွှတ်တော် ဥက္ကဌ နိုဗန်တိုက ဒီကိစ္စမှာ သူ့လုပ်ပိုင်ခွင့် ရာထူးအာဏာကို သုံးပြီး ကိုယ်ကျိုးအတွက် အလွဲသုံးထားတယ်လို့ ယူဆရပါတယ်" ဟု အင်ဒိုအဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီ အကြီးအကဲ Agus Rahardjo က ပြောသည်။
Novanto အပါအဝင် နိုင်ငံရေးသမားအများအပြားမှာ နိုင်ငံတွင် ပြည်သူများကို မှတ်ပုံတင်ထုတ်ပေးရေး အစိုးရစီမံကိန်းတစ်ခုအတွက် သီးသန့်သတ်မှတ်ထားသည့် ရန်ပုံငွေတစ်ခုအတွင်းမှ ငွေများကို ကိုယ်ကျိုးအတွက် ရယူသုံးစွဲထားသည်ဟု ယုံကြည်ရကြောင်း စုံစမ်းစစ်ဆေးသူများက ထုတ်ဖော်ပြောကြားခဲ့သည်။