အဆိုတော်အက်ဒ်ရှီရန်းသည် နာမည်ကျော် Game of Thrones ဇာတ်လမ်းတွဲတွင် ဧည့်သည်သရုပ်ဆောင် အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။
ဗြိတိန်၌ ယနေ့မနက်ပိုင်းကမှ ထုတ်လွှင့်ခဲ့သော အဆိုပါဇာတ်လမ်းတွဲထဲတွင် ပေါ့ပ်အဆိုတော်သည် သူဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည့်အပိုင်းထဲ၌ သီချင်းသီဆိုခဲ့ပြီး စကားအနည်းငယ် ပြောဆိုခဲ့သည်။
Dragonstone ဟုအမည်ပေးထားသော ထိုအပိုင်းသည် ပရိသတ်များမျှော်လင့်စောင့်စားနေသည့် နာမည်ကျော် ဇာတ်လမ်းတွဲဖြစ်သော Game of Thrones ခုနှစ်တွဲမြောက်၏ ပထမအပိုင်းဖြစ်သည်။
ထိုအပိုင်းထဲမှ ဇာတ်ဝင်ခန်းတစ်ခုတွင် နာမည်ပေးထားခြင်းမရှိသော အက်ဒ်၏ဇာတ်ကောင်သည် တောအုပ် အတွင်း၌ မီးလှုံနေစဉ် သီချင်းသီဆိုခဲ့သည်ကို တွေ့မြင်ရသည်။
ထိုအချိန်တွင် မြင်းစီးပြီးဖြတ်သွားသော မင်းသမီးမိုင်ဆီဝီလီယမ်၏ ဇာတ်ကောင် အာယာစတာ့ခ်က သူ့ကို “ အရမ်းကောင်းတဲ့ သီချင်းလေးပါပဲ။ ငါတစ်ခါမှ နားမထောင်ဖူးဘူး” ဟု ပြောခဲ့သည်။
အက်ဒ်က “ဒါက သီချင်းအသစ်ပါ” ဟု ပြန်ဖြေခဲ့သည်ကို ကြည့်ရှုရမည်ဖြစ်သည်။
Game of Thrones ၏ ခုနှစ်တွဲမြောက်တွင် အက်ဒ်အနေဖြင့် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်မည်ကို ပရိသတ်များက လွန်ခဲ့သောမတ်လကတည်းက သိရှိခဲ့ကြပြီး မျှော်လင့်စောင့်ဆိုင်းနေခဲ့ကြသည်။
အသက် ၂၆နှစ်အရွယ် အက်ဒ်က သူပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ဝင်ခန်းထဲမှ ဓာတ်ပုံများကို အင်စတာဂရမ် ပေါ်သို့တင်ခဲ့ပြီး ပရိသတ်အများစုထံမှ ကောင်းမွန်သောမှတ်ချက်များကို ရရှိခဲ့သော်လည်း အချို့ကတော့ သူ့ကို ဝေဖန်ခဲ့ကြသည်။