အမေရိကန်ရက်ပ်အဆိုတော် DMX သည် ဒေါ်လာမီလျံပေါင်းများစွာ ဝင်ငွေရရှိခဲ့သော်လည်း အခွန်ရှောင်တိမ်း ခဲ့မှုကြောင့် သူ့ကို အမေရိကန်အစိုးရက တရားစွဲဆိုလိုက်သည်။
အမည်ရင်း အားလ်ဆိုင်မွန်ဖြစ်သော ရက်ပ်အဆိုတော် DMX ကို နယူးယောက်မြို့တွင် ကြာသာပတေးနေ့က ဖမ်းဆီးခဲ့ပြီး တရားရုံးတော်သို့ သောကြာနေ့တွင် တက်ရောက်ခဲ့ရသည်။
အဆိုတော်သည် လွန်ခဲ့သော ၂၀၀၃ ခုနှစ်ကထွက်ရှိခဲ့သည့် X Gon' Give It To Ya နှင့် အခြားတေးသီချင်းများ အတွက် ဒေါ်လာမီလျံများစွာ အခွန်ပေးဆောင်ရမည်ဖြစ်သော်လည်း သူသည်ရှောင်တိမ်းခဲ့သောကြောင့် တရားဥပဒေချိုးဖောက်ခြင်းဖြစ်ကြောင်း တရားဥပဒေထိန်းသိမ်းရေး အရာရှိများက ပြောဆိုခဲ့ကြသည်။
အကယ်၍သူသည် စွဲချက်ပေါင်း ၁၄ခုတွင် အပြစ်ရှိကြောင်းထင်ရှားပါက ထောင်ဒဏ် ၄၄နှစ်အထိ ကျခံရဖွယ် ရှိကြောင်း သိရသည်။
“ အဆိုတော် DMX ဟာ အခွန်မဆောင်ဘဲ ရှောင်တိမ်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ သူဟာ ကိုယ်ပိုင် ဘဏ်အကောင့်တောင်မဖွင့်ဘဲ တခြားသူတွေရဲ့ အမည်နဲ့ ဘဏ်အကောင့်ဖွင့်သုံးစွဲခဲ့ပါတယ်။ ပြီးတော့သူ့ရဲ့ တစ်ကိုယ်ရေ အသုံးစရိတ်တွေကို ငွေသားနဲ့ပဲ ပေးချေခဲ့ပါတယ်” ဟု နယူးယောက်တောင်ပိုင်းမှ အမေရိကန် ရှေ့နေ ဂျွန်အိတ်ချ်ကင်မ်က ကြေညာချက်ထဲတွင် ပြောဆိုခဲ့သည်။
Ref: BBC