ရန်ကုန်၊ ဇူလိုင် ၆ ။ ။ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) က ဗဟန်းရဲစခန်းတွင် အမှုဖွင့်ထားသော တပ်ကြပ်စိုးမြင့်အောင်အမှုကို ရဲစခန်းက လက်မခံ၍ တရားရုံးသို့ ဦးတိုက်လျှောက်သွားမည်ဟု ကော်မတီအဖွဲ့ဝင် ဦးသာလွန်ဇောင်းထက်က ပြောသည်။
မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ(PCMJ) က ဗဟန်းရဲစခန်းတွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကာကွယ်ရေး ဥပဒေဖြင့် ဗဟန်းရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လ ၆ ရက်တွင် တပ်ကြပ်စိုးမြင့်အောင်ကို PCMJ မှ အမှုဖွင့်ထားမှုကို လက်မခံကြောင်း ဗဟန်းရဲစခန်းက ပြန်လည်အကြောင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့ ဆက်ပြီးတော့ တရားရုံးကို ဦးတိုက်လျှောက်မယ်"ဟု ဦးသာလွန်ဇောင်းထက်ကပြောဆိုသည်။ သို့သော်မည်သည့်ရက်တွင် သွားရောက်လျှောက်ထားမည်ကိုတော့ ပြောဆိုခြင်းမရှိခဲ့ပေ။
ဇွန်လ ၃၀ ရက်က ဗဟန်းတရားရုံးရှေ့တွင် The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရုံးထုတ်တွင်သတင်းယူနေကြသော သတင်းသမားများနှင့် ပြည်သူများကို တစ်ဦးချင်းစီကို လိုက်လံ၍ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းယူသောကြောင့် နိုင်ငံသားတို့၏ တစ်ဦးချင်း ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ခြိမ်းခြောက်မှုဖြစ်စေသည်ဟုဆိုကာ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တပ်ကြပ်စိုးမြင့်အောင်ကို PCMJ မှ အမှုဖွင့်ခဲ့ခြင်းလည်းဖြစ်သည်။