ရန်ကုန်၊ ဇွန် ၂၆ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်များအနေဖြင့် ပါတီအတွင်းရေးကိစ္စများကို ပါတီတွင်း ဝေဖန်မှုပြုလုပ် နိုင်သော်လည်း ပြင်ပသို့ ထွက်ဖော်ပြောဆိုပါက အရေးယူခံရမည်ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က သတိပေးပြောဆိုလိုက်သည်။
"ပါတီရဲ့ကျင့်သုံးနေတဲ့ အမူအကျင့်နဲ့ မကိုက်ညီတဲ့အတွက်ကြောင့် အဲ့ဒါတွေမလုပ်ရဘူးတားမြစ်တာ။ အခုတားမြစ်ရုံတင် မကဘူး သတိပေးလိုက်ပြီ။ သတိပေးလို့မှမရရင်တော့ ပါတီစည်းကမ်းအရ အရေးယူမယ်ဆိုတာလည်း တစ်ခါတည်း အသိပေးလိုက်ပြီ " ဟု ဦးဝင်းထိန်က ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပထမ ဗဟိုကော်မတီ သတ္တမအကြိမ် ပုံမှန်အစည်းအဝေး ပြီးဆုံးချိန်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဝင်းထိန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
NLD ပါတီဝင်များအနေဖြင့် ပြောစရာရှိသည့် ကိစ္စရပ်များကို ပါတီတွင်း စာနှင့်ပဲဖြစ်ဖြစ် နှုတ်ဖြင့်ဖြစ်စေ ဝေဖန်ပြောဆို နိုင်သော်လည်း လူမှုကွန်ယက်စာမျက်နှာများ၌ ဖြစ်စေ မီဒီယာများသို့ ထုတ်ဖော်ပြောဆိုခြင်းများသည် ပါတီစည်းမျဉ်းနှင့် မကိုက်ညီခြင်းကြောင့် အရေးယူသွားမည်ဖြစ်သည်ဟု ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ပါတီတွင်း အရေးကိစ္စများအား ပြင်ပသို့ ထုတ်ဖော်ပြောဆိုခြင်းသည် အပြုသဘောပြောဆိုခြင်းလား အဖျက်သဘော ပြောဆိုခြင်းလားဆိုသည့် ကိစ္စကို ဆုံးဖြတ်မည့်ပုဂ္ဂိုလ်က အရေးကြီးသည်ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက မှတ်ချက်ပြုပြောဆိုသည်။
"ကိုယ်စားလှယ်တော်တော်များများတော့ လိုက်နာမယ်ထင်တယ်။ ကျွန်တော်ကျတော့ ဆန္ဒအရ ပြောစရာရှိရင် ပြောမှာပဲ။ ပြောတာက အပြုသဘောလား အဖျက်သဘောလား ဆုံးဖြတ်တဲ့သူက တကယ်ကိုအရေးကြီးပါတယ်" ဟု ဦးကျော်ဇေယျက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ တိုင်းဒေသကြီးဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်အချို့သည် အစိုးရအဖွဲ့၏ လုပ်ဆောင်မှုများ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြုလုပ်သည့် YBS စနစ်ကဲ့သို့သော စီမံကိန်းများနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုထားမှုများ ရှိနေသည်။