စစ်တွေ၊ ဇွန် ၂၄ ရက်။ ။ အသက် ၁၆ နှစ်နှင့် ၂၃ နှစ်အရွယ်ရှိ ရခိုင်လူငယ်နှစ်ဦးကို တရားမဝင် စိတ်ကြွ မူးယစ် ဆေးဝါးများ ရောင်းဝယ်မှုဖြင့် စစ်တွေအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ လူငယ် (၂) ဦးကို မကျည်းမြိုင်ရပ်ကွက် အမှတ် (၁) ရှိ ရွှေပြည်ဟိန်း ဗွီဒီယိုခွေ အငှားဆိုင်အနီးတွင် သတင်းအရ ဖမ်းဆီးခဲ့ခြင်းဖြစ်သလို စိတ်ကြွရူးသွပ်ဆေးပြား (၁၁၂) ပြားကို လက်ဝယ်တွေ့ရှိခဲ့ကြောင်း စစ်တွေမြို့မရဲစခန်းမှ ဒုရဲအုပ်ဘရှိန်က ပြောသည်။
“ သူတို့က အရင်ကတည်းကနေ ဒီလို မူးယစ်ဆေးဝါးရောင်းစားနေတယ် ဆိုတာကို ကျွန်တော်တို့ သတင်းရတဲ့အတွက် သွားစောင့်နေတာပါ။ တစ်ဖွဲ့ကလည်း ပတ်ရှာကြတယ်။ နောက်တော့ ရွှေပြည်ဟိန်း ဗွီဒီယိုခွေဆိုင်ရှေ့က ထွက်လာတဲ့ ကောင်လေးနှစ်ယောက်က ယောင်လည်လည်နဲ့ ပြင်နေလို့ မသကာၤလို့ စစ်ဆေးကြည့်တော့ သက်ပိုင်စိုးရဲ့ဘောင်းဘီအိတ်ထဲက နှစ်လုံးတစ်ထုတ်၊ သုံးလုံးတစ်ထုတ်စီ ပလတ်စတစ်အိတ်အမဲနဲ့ ထုတ်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၂ ပြားကိုတွေ့တာပါ ” ဒုရဲအုပ်ဘရှိန်က ပြောသည်။
မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသော အဆိုပါ လူငယ် (၂) ဦးမှာ အသက် ၁၆ နှစ် အရွယ်ရှိသည့် မောင်ဆန်းလွင်ဖြိုးနှင့် အသက် (၂၃) နှစ်အရွယ်ရှိ သက်ပိုင်စိုး (ခ) ပိုင်ပိုင်တို့ဖြစ်ပြီး စစ်တွေမြို့နယ် မကျည်းမြိုင်ရပ်ကွက် အမှတ် (၁) တွင် နေထိုင်သူများ ဖြစ်ကြောင်း ဖမ်းဆီးရာတွင် ဦးဆောင်ခဲ့သူ ဒုရဲအုပ် ဘရှိန်က ပြောသည်။
လူငယ်နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ (မပယ) ၃၁/၂၀၁၇၊ ၁၅/၁၉ က/ ၂၀ က/ ၂၁ တို့ဖြင့် တရားစွဲဆိုအရေးယူနိုင်ရေး စစ်တွေမြို့မရဲစခန်းမှ ဆောင်ရွက်လျက်ရှိသည်။
ရခိုင်ပြည်နယ်သည် ၂၀၁၂ ခုနှစ် ပဋိပက္ခများအလွန် မူးယစ်ဆေးဝါးကုန်သွယ်မှုများဖြင့် အရှေ့တောင်အာရှတွင် ထင်ရှားလာသည့် ဒေသတစ်ခုဖြစ်သော်လည်း ဖမ်းဆီးရရှိမှုများတွင် အရေအတွက် အနည်းငယ်နှင့် သယ်ယူပို့ဆောင်သူ (လမ်းကြောင်းတို) အချို့သာ ဖမ်းဆီးနိုင်သဖြင့် နောက်ကွယ်တွင် အာဏာပိုင်များနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချို့တို့ ပါဝင်နိုင်ဖွယ် ရှိကြောင်းလည်း ဝေဖန်မှုများရှိနေသည်။