မကွေး၊ ဇွန်လ ၁၀ ။ ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူး/စကုမြို့နယ်၊မန်းရွှေစက်တော်ဘုရား သွားရာ ၃ မိုင်လမ်းရှိ မန်းချောင်းဖြတ် လှေတင်တံတားအား ဘုရားကြီးဘဏ္ဍာငွေမှ ကျပ်သိန်းပေါင်း ၁၄၀၀၀ ခန့်ဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ယင်း လှေတင်တံတား တည်ဆောက်ရာတွင် ရွှေစက်တော်ဘုရားဂေါပက အဖွဲ့မှ ဦးဆောင်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးဆောက်လုပ်ရေး(၅) ဆိပ်ဖြူက တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့ထံက သိရသည်။
“တံတားက သံကူကွန်ကရစ် အမျိုးအစား တံတားဖြစ်ပါတယ်။ တံတား အနက်က (၂၇)ပေ၊အရှည်က ပေ(၅၀၀)၊ အမြင့့်က (၂၀)ပေ၊ ကားလမ်း အကျယ်(၂၄)ပေ၊ လူသွားလမ်း တစ်ဖက် (၁၅)ပေ ဖြစ်ပါတယ်၊ ရွှေစက်တော်ဘုရားကြီး ဘဏ္ဍာငွေထဲက ခန့်မှန်းကျပ် သိန်းပေါင်း ၁၄၀၀၀ ခန့်ထုတ်ပြီး တည်ဆောက်နေတာပါ၊ တံတားဆောက်တဲ့ စီမံချက်ကာလ (၅)လဖြစ်ပါတယ်၊ လာမယ့် နိဝင်ဘာလမှာ တည်ဆောက်ပြီးစီးပါမယ်” ဟု ရွှေစက်တော်ဘုရားဂေါပက ဥက္ကဋ္ဌ ဦးသိန်းလှိုင်က မဇ္ဈိမသို့ပြောသည်။
ယခင်က လှေတင်တံတားအား ပွဲတော်ကာလအတွင်းသာ ယာယီ တည်ဆောက်ခဲ့၍ မိုးတွင်းကာလ သွားလာရေး ခက်ခဲကြောင်း၊ယခုအခါ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသောကြောင့် ဒေသခံများ၊ ဘုရားဖူးပြည်သူများ ရာသီမရွေး သွားလာနိင်ရန်၊ ဘုရားဖူးနိင်ရန်အတွက် တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ဖြင့် ယခုလို အခိုင်အမာတည်ဆောက်ရခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
“ကျွန်တော်တို့ ဒေသခံပြည်သူတွေအနေနဲ့ ဒီတံတားကို မျော်နေတာကြာပြီ၊ အရင်ကမိုးတွင်း ကာလမှာ ဘုရားသွားဖို့အတွက် ဒီနေရာမှာ တံတားမရှိဘူး။ အခု ရာသီမရွေး သွားလာနိင်တော့မှာ ဖြစ်တဲ့ အတွက် သွားလာရေး ပြေလည်တာပေါ့၊ဘုရားဖူးတွေ အတွက်လည်း အချိန်မရွေး ဘုရားကြီးကို လာရောက်ဖူးမျော်နိုင်တာပေါ့ဗျာ” ဟု ရွှေစက်တော်ဘုရားကြီးနယ်မြေ ဒေသခံ ကိုမျိုးကပြောသည်။