ဘန်ကောက် ဇွန် ၇ ။ ။ အီတလီနိုင်ငံမှ ပြိုင်ပွဲပိုင်ရှင်များနှင့် ဆွေးနွေးမှုအပြီးတွင် လာမည့်နှစ်၌ ဒေါ်လာမီလျံပေါင်းများစွာ တန်ဖိုးရှိသော MotoGP မော်တော်ဆိုင်ကယ်ပြိုင်ပွဲကို ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံအားကစား အာဏာပိုင်များကပြောခဲ့သည်။
ထိုင်းနိုင်ငံအားကစား အာဏာပိုင်အဖွဲ့ (SAT) ၏ တရားဝင်ဖေ့စ်ဘုတ် စာမျက်နှာ၌ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး အီတလီနိုင်ငံ ဖလောရင့်စ်မြို့တွင် ပြီးခဲ့သော စနေနေ့က MotoGP ပြိုင်ပွဲပိုင်ရှင် Dorna Sports နှင့် ဆွေးနွေးမှုအပြီး၌ ပြိုင်ပွဲကျင်းပခွင့် ရရှိခဲ့ကြောင်းပြောခဲ့သည်။
MotoGP ပြိုင်ပွဲသည် ကမ္ဘာ့အကြီးဆုံး မော်တော်ဆိုင်ကယ်ပြိုင်ပွဲတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ စပါးစိုက်ပျိုးရာခရိုင်ဖြစ်သော ဘူလီရမ်ခရိုင်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ဆွေးနွေးမှုဟာ သုံးနာရီကြာမြင့်ခဲ့ပြီး Dorna Sports က ထိုင်းနိုင်ငံကို သုံးနှစ်ခန့် ပြိုင်ပွဲကျင်းပခွင့်ပေးဖို့ သဘောတူညီခဲ့ပြီး ၂၀၁၈ ခုနှစ်အစပိုင်းမှ ၂၀၂၀ အထိ ကျင်းပခွင့်ရရှိခဲ့ပါတယ်” ဟု တနင်္ဂနွေနေ့တွင် ထုတ်ပြန် ခဲ့သော ကြေညာချက်ထဲ၌ ဖော်ပြခဲ့သည်။
ဒါ့အပြင် ပထမဦးဆုံးပြိုင်ပွဲကို ၂၀၁၈ အောက်တိုဘာ ၅ရက်နှင့် ၇ ရက်ကြား ကျင်းပသွားမည်ဖြစ်ကြောင်း ဖြည့် စွက်ပြောကြားခဲ့သည်။
Dorna Sports မှ ယင်းသတောတူညီချက်ကို အတည်ပြုသည့်ကြေညာချက် မထုတ်ရသေးသော်လည်း SAT က မကြာခင်တွင် လက်ရေးမူဖြင့် အတည်ပြုစာကို ရရှိသွားနိုင်ရန် မျှော်လင့်ထားသည်။
ယခုလို ကမ္ဘာ့အကြီးဆုံး မော်တော်ဆိုင်ကယ်ပြိုင်ပွဲ ကျင်းပခွင့်ရရှိခဲ့ပြီ ဖြစ်သောကြောင့် ထိုင်းနိုင်ငံ၏ အဆင်းရဲ ဆုံးခရိုင်များထဲတွင် ပါဝင်ခဲ့သည့် ဘူလီရမ်ခရိုင်အတွင်း မော်တော်ဆိုင်ကယ် ဝါသနာအိုးများ၏ ဒေါ်လာမီလျံ များစွာ စီးဆင်းနိုင်တော့မည် ဖြစ်သည်။