မြိတ်၊ ဇွန်-၆ ရက် ။ ။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြီးခဲ့တဲ့ ဇွန်(၄)ရက်၊ ညနေ ၃နာရီက တောရကျောင်းရပ် အဝေးပြေးယာဉ်ရပ်နားစခန်း ပထမလမ်း၌ သေနတ်ငါးချက်ဖောက်သွားသူကို ကော့သောင်းခရိုင်အတွင်း ဇွန် ၅ရက်က ဖမ်းမိပြီဖြစ်သည်။
၎င်းကို ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ တောင်ငယ်ကျေးရွာတွင် ဇွန် ၅ရက် ၆ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
အဆိုပါ သေနတ်မိုးပေါ်ထောင်ဖောက်ခဲ့သူသည် မြိတ်မြို့အဝေးပြေးကားဝင်းအတွင်း စားသောက်ဆိုင်မှ ဘီယာ(၂)လုံးသောက်ပြီး ငွေရှင်းလင်းစဉ် စကားများ၍ ဆိုင်အပြင်သို့ထွက်ကာ အသင့်ယူဆောင်လာသည့် ၉ မမပစ္စတိုဖြင့် အပေါ်သို့ (၂)ချက်၊ ဆိုင်နှင့်မျက်စောင်းထိုးနေရာတွင် (၃)ချက်ပစ်ဖောက်ခဲ့ကြောင်းသိရသည်။
ယင်းသေနတ်ပစ်ဖောက်ခဲ့သူကို မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးငယ်မှ ဓာတ်ပုံမှတ်တမ်းရိုက်ယူထားနိုင်ခဲ့ပြီး ယင်းဓာတ်ပုံကို သက်ဆိုင်ရာသို့ပေးပို့ခဲ့ကာ ဓာတ်ပုံမှတ်တမ်းအရ အဆိုပါ သေနတ်ဖြင့် ပြစ်ဖောက်ထွက်ပြေးသွားသူကိုရှာ တစ်ရက်အတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၎င်းကို ဖမ်းဆီးရာတွင် မြိတ်မြိ့ုရဲတပ်ဖွဲ့၊ ဘုတ်ပြင်းမြိ့ုနယ်ရဲတပ်ဖွ့ဲ၊ ပြည်ကြီးမဏ္ဍိုင်နယ်မြေရဲစခန်းနှင့် အမှတ်(၅၆၀)ခြေမြန်တပ်ရင်း စသည့်ပူးပေါင်းအဖွဲ့များဖြင့် ရှာဖွေဖမ်းဆီးမှုများပြုလုပ်ခဲ့သည်ဟု မြိတ်ခ ရိုင်ရဲတပ်ဖွဲ့မှတ်တမ်းကဖော်ပြထားသည်။
ဖမ်းဆီးရမိခဲ့သူကို ပြည်ကြီးမဏ္ဍိုင်နယ်မြေရဲစခန်းတွင် ဖမ်းဆီးထားပြီး ဇွန်လ ၆ရက်တွင် တနင်္သာရီမြို့နယ်မှ တဆင့် မြိတ်မြို့၊ မြို့မရဲစခန်းသို့ခေါ်ဆောင်ကာ အမှုကိုအသေးစိတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
သေနတ်နှင့် ပြစ်ဖောက်ထွက်ပြေးသူသည် တနင်္သာရီတိုင်းဒေသကြီး မောတောင်နယ်စပ်မြို့တွင် နေထိုင်သူဖြစ်ပြီး ၎င်းထံမှ ၉ မမပစ္စတိုတစ်လက်၊ သေနတ်ထည့်အိတ်၊ ကျည်အိမ်တစ်ခုနှင့် မြန်မာငွေ ၊ ထိုင်းဘတ် ငွေအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။