မေ ၂၉ ။ ။ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမန်တို့ရဲ့ ကျူးကျော်မှုကို ဦးဆောင်ခုခံတိုက်ခိုက်ခဲ့ပြီး စစ်ပြီးခေတ်မှာလည်း သမ္မတအဖြစ် နိုင်ငံကို ဦးဆောင်ပေးခဲ့သူ ဗိုလ်ချုပ်ကြီး ချားလ် ဒီဂေါလ်ရဲ့ အုတ်ဂူ မေလ ၂၇ ရက်က ဖျက်ဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
၎င်းရဲ့ အုတ်ဂူမှာ စိုက်ထူထားတဲ့ လက်ဝါးကပ်တိုင်ကို အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ကန်ကျောက်ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
နိုင်ငံအရှေ့မြောက်ခြမ်းက ကျေးရွာလေးတစ်ခုက အဆိုပါ အုတ်ဂူ တည်ရှိရာနေရာကိုတော့ နှစ်စဉ် ထောင်ပေါင်းများစွာသော ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိပါတယ်။
ဗိုလ်ချုပ်ကြီး ဒီဂေါလ်ရဲ့ အုတ်ဂူထားရာနေရာကတော့ ၂၄ နာရီပတ်လုံး အစောင့်အကြပ်ထားတဲ့နေရာတစ်ခုလည်း ဖြစ်တယ်လို့ အစိုးရရှေ့နေတစ်ဦးဖြစ်တဲ့ ဖရီဒရစ် နာဟွန်က ပြောပါတယ်။
ဗိုလ်ချုပ်ကြီး ဒီဂေါလ်ဟာ ၁၉၄၀-၄၄ ခုနှစ်ကာလအတွင်း လန်ဒန်မှာ လွတ်လပ်တဲ့ ပြင်သစ်တပ်ပေါင်းစုကို ဦးဆောင်ခဲ့သူဖြစ်ပြီး စစ်ပြီးခေတ်မှာလည်း နိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းကို ပြန်လည်ပုံဖော်ခဲ့သူဖြစ်ကာ ယနေ့ခေတ်အချိန်ထိ ပြင်သစ်နိုင်ငံသားအများစုရင်ထဲမှာ စွဲမြဲကျန်ရစ်နေဆဲဖြစ်တဲ့ သူရဲကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။
၎င်းဟာ အသက် ၈၀ ပြည့်မွေးနေ့ပြည့်မြောက်ပြီး များမကြာမီ ၁၉၇၀ မှာပဲ သေဆုံးခဲ့ကာ ၎င်းရဲ့ ရုပ်အလောင်းကို ဇနီးနဲ့ သမီးဖြစ်သူတို့ရဲ့ အုတ်ဂူတွေရဲ့ဘေးမှာ ထားရှိမြုှပ်နှံခဲ့တယ်လို့သိရပါတယ်။